ပရီးမီးယားလိဂ် နာမည်ကြီးကလပ် စပါးက ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ ဂျာမန် ထိပ်သီးကလပ် လိုက်ပ်ဇစ်ကနေ သူတို့အသင်းဆီ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာတဲ့ ဂျာမန်တိုက်စစ်မှူး တီမိုဗာနာကို နောက်ထပ် ၁ရာသီ အငှားနဲ့ ထပ်မံ ခေါ်ယူဖို့ ကစားသမားနဲ့ရော ၊ လိုက်ပ်ဇစ်နဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာက လိုက်ပ်ဇစ်နဲ့အတူ အောင်မြင်မှုပေါင်း များစွာ ရယူနိုင်ခဲ့တဲ့ အရည်အသွေးမြင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူက ၂၀၂၀ခုနှစ်မှာ လိုက်ပ်ဇစ် ကနေ လန်ဒန်ကလပ် ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို  ၅၃သန်းနဲ့ ပြောင်းရွှေ့ ကစားခဲ့ပေမယ့် ချယ်လ်ဆီးမှာ အဆင်မပြေမှုတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ၂၀၂၂ခုနှစ်မှာ လိုက်ပ်ဇစ်ဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ပါတယ်။

Photo Credit: Football 365

တီမိုဗာနာက အသင်းဟောင်း လိုက်ပ်ဇစ်ဆီ တကျော့ပြန် ပြန်သွားချိန်မှာတော့ ယခင်လို ခြေစွမ်းကောင်းတွေ ပြန်လည် ပြသနိုင်ခြင်း မရှိတော့သလို ပုံမှန်ကစားခွင့် ရဖို့လည်း ရုန်းကန်နေရတာကြောင့် ပြီးခဲ့တဲ့ ဆောင်းဈေးကွက်မှာ လိုက်ပ်ဇစ် ကနေ စပါးထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ပါတယ်။

တီမိုဗာနာက စပါးဆီ ပြောင်းရွှေ့ပြီးနောက် သူ လိုချင်တဲ့ ကစားခွင့်ကို ရရှိခဲ့ပြီး သူက ရာသီဝက်ကာလ အတွင်းမှာ စပါးအတွက် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ စုစုပေါင်း ၈၁၅မိနစ် ပါဝင် ကစားပေးနိုင်ခဲ့ရာ သွင်းဂိုး ၂ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိခဲ့ပါတယ်။

Photo Credit: Live Score

ဗာနာက စပါးနည်းပြ ပိုစတီဂိုဂလူရဲ့ ကစားကွက်နဲ့ အံဝင်ခွင်ကျ ကစားနိုင်သလို လူစားဝင် တိုက်စစ်မှူး အဖြစ် ဝင်ရောက် ကစားတိုင်း ခြေစွမ်းပြလေ့ ရှိတာကြောင့် စပါးက သူ့ကို နောက်ထပ် ၁ရာသီ အသင်းမှာ ဆက်ထိန်းဖို့ ကြိုးစားခဲ့ပြီး တီမိုဗာနာကလည်း စပါးမှာ ပျော်နေတာကြောင့် လန်ဒန်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ စပါးက တီမိုဗာနာကို နောက်ထပ် ၁ရာသီအငှားနဲ့ ဆက်ခေါ်ဖို့ အတွက် လိုက်ပ်ဇစ်နဲ့ရော ၊ ကစားသမားနဲ့ပါ တရားဝင် သဘောတူညီမှု ရရှိခဲ့ပြီး စပါးက တီမိုဗာနာရဲ့ ခြေစွမ်းကို သဘောကျရင် အငှားကာလ ကုန်ဆုံးမယ့် ၂၀၂၅ခုနှစ် ၊ ဇွန်လမှာ ဗာနာကို ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း (သို့) ၁၆သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ကိုပါ သဘောတူညီချက်ထဲမှာ ထည့်သွင်းနိုင်ခဲ့ကြောင်း သိရှိရပါတယ်။