ချယ်လ်ဆီးအသင်းရဲ့နည်းပြ သောမတ်စ်တူဟယ်လ်က အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမားတစ်ဦးဖြစ်တဲ့ တီမိုဝါနာရဲ့ အသင်းအတွက် အကောင်းဆုံးပါဝင်စွမ်းဆောင်နိုင်မှုကို ချီးကျူးပြောဆိုသွားခဲ့ပြီး ကစားသမားအနေနဲ့ သွင်းဂိုးတွေရဖို့ ခဲယဉ်းနေပေမယ့်လည်း သူရဲ့ပြေးအားတွေကြောင့် ပြိုင်ဘက်ကစားသမားတွေ အခက်အခဲဖြစ်စေရတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Premier League

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဝါနာဟာ သူရဲ့အသင်းဟောင်း လိုက်ပ်ဇစ်အသင်းနဲ့ နောက်ဆုံးကစားခဲ့တဲ့ ဘောလုံးရာသီအတွင်းမှာ သွင်းဂိုးစုစုပေါင်း (၃၄)ဂိုးအထိ သွင်းယူနိုင်ခဲ့ပေမယ့် အခုအသင်းသစ် ချယ်လ်ဆီးမှာတော့ သူရဲ့သွင်းဂိုးက (၁၂)ပဲ ရှိနေခဲ့ရတဲ့အထိ ဂိုးသွင်းစွမ်းရည် ကျဆင်းနေခဲ့ရပါတယ်။ ဒါပေမယ့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်ကတော့ ဝါနာက အသင်းအတွက်ကို မနားမနေ ကြိုးစားကစားပေးနေတတ်သူဖြစ်ပြီး အသင်းအတွက်လည်း အထောက်အကူ အပြုဆုံးကစားသမားတစ်ယောက် ဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။

Photo Credit : beIN SPORTS

ဝါနာနဲ့ပတ်သက်ပြီး နည်းပြတူဟယ်လ်က “ပြီးခဲ့တဲ့ ရက်သတ္တပတ်မှာကတည်းက သူ လက်ရှိအခြေအနေတွေနဲ့ ကောင်းကောင်းလိုက်ဖက်လာအောင် ကစားနိုင်လာခဲ့တယ်။ သူရဲ့ အလုပ်လုပ်တဲ့ ပုံစံက မနေမနား မဆုတ်မနစ် လုပ်ကိုင်တဲ့ပုံမျိုးပါ။ မန်စီးတီးနဲ့ပွဲမှာလည်း သူက ဒီလိုပုံစံမျိုးကို ထုတ်ပြလို့ရအောင် ကြိုးစားသွားခဲ့ပြီး ဒီနေ့သူပြသခဲ့တဲ့ စွမ်းဆောင်ရည်ကိုလည်း ကျွန်တော်စိတ်ကျေနပ်ခဲ့တယ်။ ဝါနာရဲ့ အလုပ်လုပ်အားတွေက ခွေးတစ်ကောင်လိုပဲ။ အရမ်းကို ကြိုးစားအားထုတ်မှုကောင်းတယ်။ ဒီနေ့ပွဲမှာ သူရဲ့ပြေးအားတွေနဲ့ ပြိုင်ဘက်ကစားသမားတွေကို ခက်ခဲအောင် လုပ်ဆောင်နိုင်ခဲ့တယ်” လို့ ချီးမွမ်းပြောဆိုသွားခဲ့ပါတယ်။ ဝါနာဟာ ဒီရာသီမှာ ချယ်လ်ဆီးအသင်းအတွက် ပြိုင်ပွဲစုံမှာ သွင်းဂိုး(၁၂)ပဲ သွင်းယူထားနိုင်တယ်ဆိုပေမယ့် သူရဲ့ဂိုးဖန်တီးမှုအပိုင်းမှာတော့ ပုံမှန်တိုက်စစ်မှူးတစ်ယောက်ကိုထက် သာလွန်လို့နေပြီး ဂိုးဖန်တီးမှုကို (၁၄)ဂိုးအထိတောင် လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူရဲ့လုပ်အားနှုန်းတွေက အသင်းအတွက် အကျိုးရှိစေခဲ့ပြီး သွင်းဂိုးတွေ မရယူနိုင်ခဲ့ပေမယ့် သူရဲ့ အားထုတ်မှုကတော့ အသင်းကို အမှန်တကယ် အကျိုးပြုစေနိုင်ခဲ့ပါတယ်။