MySport Myanmar

တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် ချယ်လ်ဆီးနဲ့ လမ်းခွဲချင်နေတဲ့ ဝါနာ

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ တီမိုဝါနာက အသင်းရဲ့ နည်းပြဖြစ်သူ သောမတ် တူဟယ်လ်နဲ့ ဆက်ဆံရေး အဆင်မပြေတော့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ သူ့အတွက် ပုံမှန် ပွဲထွက်ခွင့် ရမယ့် ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးနေကြောင်း နာမည်ကြီး ဂျာမန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာက ၂၀၂၀ခုနှစ်မှာ လိုက်ပ်ဇက်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူပါ။

Photo Credit: Sports Dias

တီမိုဝါနာက ချယ်လ်ဆီးဆီ ရောက်ရှိကာစမှာ ပရိသတ်တွေရဲ့ စိတ်ကြိုက် ခြေစွမ်းမျိုးတွေကို ပြသနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ သူ့ရဲ့ အဆုံးသတ် အားနည်းချက်ကြောင့် အသင်းရဲ့ ဦးစားပေး တိုက်စစ်မှူး နေရာကနေ ဖယ်ပေးခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆိုရင်လည်း ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်ခဲ့ရပါတယ်။

တီမိုဝါနာက တိုးအား ရုန်းအား ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူ့ရဲ့ အဆုံးသတ် အားနည်းမှုကြောင့် ချယ်လ်ဆီးနည်းပြ တူဟယ်လ်ရဲ့ စိတ်ကြိုက် ကစားသမား တဦး ဖြစ်မနေပဲ တီမိုဝါနာက သူဟာ လာမယ့် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမဏီအသင်းမှာ ပါဝင်ခွင့်ရရေး အတွက် သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတသင်းရဲ့ ကမ်းလှမ်းမှုသာ ရောက်လာရင် အသင်းပြောင်းဖို့ စိတ်ကူးရှိကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ပြောကြားခဲ့ပါတယ်။

Photo Credit: Sports Dias

တီမိုဝါနာရဲ့ အဆိုပါ အင်တာဗျူးက သူနဲ့ တူဟယ်လ်ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေကြောင်းကို မီးမောင်း ထိုးပြနိုင်ခဲ့ကာ တူဟယ်လ်က တီမိုဝါနာရဲ့ စကားတွေနဲ့ ပတ်သတ်ပြီး သူသာဆိုရင် ချယ်လ်ဆီးမှာ ရှိနေရတာကိုပဲ ပျော်ရွှင်နေမိလိမ့်မယ်လို့ ပြန်လည် တုံ့ပြန်ခဲ့သလို တီမိုဝါနာကိုလည်း အသင်းရဲ့ လူစာရင်းကနေ ခေတ္တ ချန်လှပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက့်ခ်ရဲ့ ဖော်ပြချက်အရ တီမိုဝါနာနဲ့ တူဟယ်လ်တို့ရဲ့ ကြားမှာ ဆက်ဆံရေး အဆင်မပြေမှုတွေ ရှိနေပြီး တီမိုဝါနာက သူ့ကို ပုံမှန် ပွဲထွက်ခွင့် ပေးနိုင်မယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေကာ တီမိုဝါနာအတွက် မကြာခင်မှာပဲ ကမ်းလှမ်းမှုတွေ ရောက်ရှိလာနိုင်ကြောင်း သိရပါတယ်။

Exit mobile version