လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလလောက်တုန်းက လီဗာပူးလ်နည်းပြ ယာဂင်ကလော့ကို ချီးမွမ်းပြောဆိုခဲ့သလို ကလော့ရဲ့လက်အောက်မှာ ပါဝင်ကစားချင်ကြောင်းနဲ့ လီဗာပူးလ်အသင်းမှာဆိုရင်လည်း လိုက်လျောညီထွေဖြစ်အောင် ကစားနိုင်မှာဖြစ်ကြောင်းတွေကို ထုတ်ဖော်ပြောဆိုခဲ့လို့ သူနဲ့ လီဗာပူးလ်အသင်းကြားက အပြောင်းအရွှေ့့ကောလဟာလသတင်းတွေ များစွာထွက်ပေါ်ခဲ့သလို အားလုံးကလည်း ဝါနာဟာ လာမယ့်နှစ်မှာ လီဗာပူးလ်အသင်းသား ဖြစ်လာလိမ့်မယ်လို့ ယုံကြည်ခဲ့ကြပါတယ်။

ဒါပေမယ့် တကယ်တမ်းမှာတော့ လီဗာပူးလ်ဘက်ကနေ ဝါနာအတွက် စာချုပ်လျော်ကြေးတန်ဖိုးဖြစ်တဲ့ ပေါင်(၅၄)သန်းနဲ့ ကမ်းလှမ်းဖို့ကို လက်တွန့်နေခဲ့တဲ့အတွက် ချယ်လ်ဆီးအသင်းကနေ ဝါနာကို ခေါ်ယူဖို့ အခြေအနေပိုကောင်းလာခဲ့သလို သဘောတူညီမှုပါ ရယူနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ဒီသတင်းတွေကြောင့် လီဗာပူးလ်ပရိသတ်တွေ စိတ်ပျက်ခဲ့ရသလို အသင်းသားဟောင်းကြီး စတိဖ့်နီကိုးလ်မှာလည်း အသင်းက ချယ်လ်ဆီးကို ထပ်ခြေချော်ခဲ့ရပြန်ပြီလို့ ဝေဖန်ခဲ့ပေမယ့် လီဗာပူးလ်တိုက်စစ်မှူးဟောင်း ရော်ဘီဖောင်လာကတော့ ဝါနာရောက်မလာခြင်းအပေါ် ဘယ်လိုမှဖြစ်မနေဘူးလို့ မှတ်ချက်ပြုပြောဆိုလိုက်ပါတယ်။

ဖောင်လာက “ဒီရက်ပိုင်း တီမိုဝါနာနဲ့ပတ်သက်ပြီးတော့ ဆူဆူညံညံသတင်းတွေ ကျွန်တော်ကြားမိပါတယ်။ ဒါပေမယ့် ကျွန်တော်က သူရဲ့ပရိသတ်တော့ မဟုတ်ပါဘူး။ သူက တကယ့်ကို အရည်အချင်းရှိတဲ့ ကစားသမားဆိုတာတော့ ကျွန်တော်နားလည်သဘောပေါက်ပါတယ်။ ပွဲတိုင်းလိုလိုမှာ သူရဲ့အရည်အချင်းတွေကို ထုတ်ဖော်ပြသနိုင်တဲ့သူပါ။ ဒါပေမယ့် ဝါနာက လီဗာပူးလ်ရဲ့ သုံးယောက်တန်းတိုက်စစ်မှာ ဝင်ရောက်ကစားဖို့အတွက် အရည်အချင်းပြည့်မှီရဲ့လားလို့မေးရင် ကျွန်တော်က မပြည့်ဝဘူးလို့ပဲ ထင်မိပါတယ်” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။ လီဗာပူးလ်အသင်းဟာ ဝါနာကို ခေါ်ယူဖို့ လက်နှေးနေခဲ့ပေမယ့် ဒီနေ့မှာ ထွက်ပေါ်ထားတဲ့ သတင်းတွေအရ လိုက်ပ်ဇစ်အသင်းဘက်ကနေ ဝါနာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်တွေအပေါ် ငြင်းဆန်ထားခဲ့တာကြောင့် မျှော်လင့်ချက်ပြန်ကောင်းလာနိုင်ပြီး ခေါ်ယူဖို့ အခြေအနေပြန်ကောင်းလာနိုင်သလို ဝါနာကို မခေါ်ယူနိုင်ရင်လည်း မိုချန်ဂလာဘတ် တိုက်စစ်မှူး လူးကပ်စ်သူရမ်ကို ခေါ်ယူဖွယ်ရှိနေပါတယ်။