ဒီနှစ်နွေစျေးကွက်အတွင်းမှာ ချယ်လ်ဆီးအသင်းဆီကို လိုက်ပ်ဇစ်အသင်းကနေ ရောက်ရှိလာခဲ့တဲ့ ဂျာမန်တိုက်စစ်ကစားသမားလေး တီမိုဝါနာဟာ သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးပွဲဖြစ်တဲ့ ဘရိုက်တန်အသင်းနဲ့ ရာသီကြိုပွဲစဉ်အတွင်း ပထမပိုင်းပွဲကစားချိန် (၄)မိနစ်အတွင်းမှာပဲ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို သွင်းယူနိုင်ခဲ့သလို သူတို့ချယ်လ်ဆီးအသင်းဟာလည်း လာမယ့်ဘောလုံးရာသီမှာ မန်စီးတီး လီဗာပူးလ်အသင်းတို့နဲ့အပြိုင် အမှတ်ပေးချန်ပီယံဆုအတွက် စိန်ခေါ်လာနိုင်မှာဖြစ်တယ်လို့ သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Mirror

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား တီမိုဝါနာဟာ အာဘီလိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ယူရို(၅၃)သန်းနဲ့ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး သူရဲ့ဂျာမန်မြေပေါ်က သွင်းဂိုးမှတ်တမ်းကောင်းတွေကြောင့် ချယ်လ်ဆီးအသင်းရဲ့သွင်းဂိုးတာဝန်တွေကို အကျေပြွန်ဆုံး ထမ်းဆောင်နိုင်လိမ့်မယ်လို့ ယူဆထားခံရသူဖြစ်ပါတယ်။ အသင်းနဲ့အတူ ဘောလုံးရာသီတစ်ခုကို စတင်ဖြတ်သန်းရတော့မယ့် ဝါနာက “နည်းပြနဲ့ အလုပ်စတင်တွဲလုပ်ရတာက အရမ်းကို ကောင်းမွန်ခဲ့ပါတယ်။ သူက ကွင်းအတွင်းမှာ ဘာတွေကို လုပ်ဆောင်နိုင်မလဲ ပြီးခဲ့တဲ့ရာသီကထက် ဘာတွေကို တိုးတတ်ကောင်းမွန်အောင် စွမ်းဆောင်နိုင်မလဲဆိုတာ ကျွန်တော်အပါအဝင် အားလုံးကို ရှင်းပြခဲ့တယ်”

Photo Credit : Mirror

“သူနဲ့ အလုပ်တွဲလုပ်ရတာက တကယ့်ကို ကောင်းမွန်တယ်။ သူက အသင်းရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုလည်း ဆွေးနွေးမှုတွေ လုပ်ဆောင်ခဲ့ပါသေးတယ်။ နောက်ပြီး မန်စီးတီး လီဗာပူးလ်တို့လို အသင်းတွေနဲ့ စိန်ခေါ်မှုရှိလာအောင် ဘယ်လိုယှဉ်ပြိုင်ရမလဲဆိုတာကို ရှင်းပြခဲ့တယ်။ ချယ်လ်ဆီးအသင်းက တကယ့်ကို အသင်းကြီးတစ်သင်းဖြစ်တယ်လို့ ကျွန်တော်ထင်ပါတယ်။ နောက်ပြီး ကျွန်တော်တို့ နောက်ထပ်အဆင့်တစ်ခုထိကို တတ်လှမ်းနိုင်လိမ့်မယ်လို့လည်း ယုံကြည်တယ်။ ကျွန်တော်တို့ဆီမှာက တကယ့်ကို ကောင်းမွန်လှတဲ့ ကစားသမားတွေနဲ့ နည်းပြတွေရှိလို့နေပြီး သူတို့ကလည်း အသင်းတိုးတတ်ကောင်းမွန်လာအောင် ကူညီပေးသွားနိုင်မှာပါ။ ကျွန်တော်တို့တွေအနေနဲ့ နည်းစနစ်ပိုင်း ပိုမိုကောင်းမွန်လာအောင်ရော အသင်းရဲ့စွမ်းအားနဲ့ ကြံခိုင်မှုအားကောင်းမွန်လာအောင်ပါ ကြိုးပမ်းလျက်ရှိနေပါတယ်။ ဘောလုံးရာသီပြန်စချိန်မှာ အဆင့်သင့်ဖြစ်နေအောင် ကျွန်တော်တို့အားလုံး ကြိုးစားနေပါတယ်” လို့ အသင်းရဲ့တရားဝင်ဝက်ဆိုဒ်နဲ့ အင်တာဗျူးမှာ ဖြေဆိုလာခဲ့ပါတယ်။