လိုက်ဇစ် တိုက်စစ်မှူး တီမို ဝါနာကတော့ လီဗာပူးလ်အသင်းရဲ့ စိတ်ဝင်စားမှုကို သိပေမဲ့လည်း မြန်မြန် ဆောင်ရွက်မှ မဟုတ်ဘဲ ရာသီကုန်မှ စဉ်းစားသွားမယ်လို့ ပြောသွားခဲ့တာ ဖြစ်ပါတယ်။ အသက် (၂၃) နှစ်အရွယ် တိုက်စစ်မှူး တီမို ဝါနာဟာ ဂျာမနီ ဘွန်ဒက်စ်လီဂါ ပြိုင်ပွဲမှာ ခြေစွမ်းပြသနေလျက် ရှိပြီး ပွဲစဉ် (၂၃) ပွဲ ကစားပြီးရာမှာ သွင်းဂိုး (၂၁) ဂိုးအထိ သွင်းယူထားပါတယ်။ တီမို ဝါနာဟာ ရှော်ကေးအသင်းကို (၅-ဝ) ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ ဘွန်ဒက်စ်လီဂါ အဝေးကွင်း ပွဲစဉ်မှာလည်း ဒုတိယပိုင်း (၆၁) မိနစ်မှာ ဒုတိယမြောက်ဂိုးကို သွင်းယူသွားခဲ့ပါတယ်။

Photo Credit: Goal

တီမို ဝါနာဟာ ဘွန်ဒက်စ်လီဂါ သွင်းဂိုး (၂၁) ဂိုး ရှိသွားခဲ့တာကြောင့် ဘွန်ဒက်စ်လီဂါ သွင်းဂိုး အများဆုံး သွင်းယူထားတဲ့ တိုက်စစ်မှူး လီဝန်ဒေါ့စကီး ပြီးရင် ဒုတိယမြောက် ဖြစ်နေပါတယ်။ ဝါနာဟာ ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ စပါးအသင်းနဲ့ ကစားခဲ့စဉ်က ပင်နယ်တီကို သွင်းဂိုးအဖြစ် ပြောင်းလဲခဲ့ပြီး (၁-ဝ) ရလဒ်နဲ့ အနိုင်ရစေခဲ့ပါတယ်။ လိုက်ဇစ်အသင်းဟာ ချန်ပီယံလိဂ်မှာ ခြေသာနေရုံသာမက ဘွန်ဒက်စ်လီဂါမှာ အဆင့် (၁) က ဘိုင်ယန်အသင်းနဲ့ (၁) မှတ်သာ ကွာပြီး တီမို ဝါနာက အနာဂတ်အကြောင်း ပြောပြခဲ့ပါတယ်။


Photo Credit: Goal

လိုက်ဇစ် တိုက်စစ်မှူး တီမို ဝါနာက “နည်းပြ ကလော့ပ်က ကမ္ဘာ့ပေါ်မှာ အကောင်းဆုံး နည်းပြတွေထဲက တစ်ယောက်ပါ။ သူက ဂျာမနီနိုင်ငံသားလည်း ဖြစ်ပါတယ်။ သတင်းတွေ များစွာက ကျွန်တော်အနေနဲ့ ကျွန်တော့်ရဲ့ ကစားဟန်ကြောင့် လီဗာပူးလ်မှာ အလွန် အံ့ဝင်ကျလိမ့်မယ်လို့ ဖော်ပြထားကြပါတယ်။ ဒါပေမဲ့ ကျွန်တော် ဒီအကြောင်းကို လက်ရှိအချိန်မှာ မစဉ်းစားနိုင်ပါဘူး။ ဘာလို့လဲဆိုရင် ကျွန်တော်တို့အနေနဲ့ လိုက်ဇစ်အသင်းနဲ့ လုပ်စရာ အများကြီး ရှိနေသေးလို့ပါ။ ကျွန်တော် ဘယ်ကမ်းလှမ်းမှုကိုမှ ငြင်းပယ်မှာ မဟုတ်ဘူး။ ကျွန်တော်တို့ လာမယ့် နွေရာသီမှာ ယူရို ပြိုင်ပွဲ ကစားရမှာ ဆိုတော့ ကျွန်တော် အဲဒီပြိုင်ပွဲမှာလည်း အာရုံစိုက်ချင်နေပါသေးတယ်။ အခြား အကြောင်းတွေကို ရာသီကုန်မှ ကျွန်တော် စဉ်းစားသွားပါမယ်”လို့ ပြောသွားခဲ့ပါတယ်။