ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းက သူ့ကို ရောင်းထုတ်ဖို့ ကြိုးစားနေမှုအပေါ် စိတ်ပျက်နေကြောင်း ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဆိုပါတယ်။

အသက် ၂၅နှစ် အရွယ် ဂျာမဏီအသင်းရဲ့ လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဘွန်ဒက်လီဂါကလပ် ရက်ဘူးလ်လိုက်ပ်ဇက်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ရှိနေသေးသူပါ။

Photo Credit: 90 Mins

တီမိုဝါနာဟာ တိုးအား ရုန်းအား ကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် သူ့ရဲ့ အဓိက အားနည်းချက်ဟာ ဂိုးသွင်းမသေသပ်မှု ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အပိုင် ဂိုးသွင်းခွင့် အမြောက်အများကို သွင်းဂိုးတွေ အဖြစ် မပြောင်းလဲနိုင်မှုတွေ အတွက် ပရိသတ်တွေရဲ့ ဝေဖန်မှုတွေကို ခံခဲ့ရပါတယ်။

အဲ့ဒါအပြင် ချယ်လ်ဆီးအသင်းရဲ့ နည်းပြသစ် ဖြစ်သူ တူချယ်ဟာ သူ့ရဲ့အသင်းကို ဦးဆောင်မယ့် တိုက်စစ်မှူးဟာ ဂိုးသွင်းအားကောင်းတဲ့ တိုက်စစ်မှူး ဖြစ်ရမယ် ဆိုတဲ့ သတ်မှတ်ထားတာကြောင့် တီမိုဝါနာရဲ့ အနာဂတ်ဟာ လှုပ်ခတ်နေပြီး လက်ရှိမှာတော့ ဝါနာရဲ့ အေးဂျင့်ဖြစ်သူဟာ သူ့ရဲ့ ကစားသမား အတွက် အသင်းသစ် ရှာဖွေမှုတွေ ပြုလုပ်နေပါတယ်။

Photo Credit: 90 Mins

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းရဲ့ လုပ်ရပ်တွေကြောင့် မပျော်မရွှင် ဖြစ်နေကြောင်း သူ့ရဲ့ သူငယ်ချင်းတွေကို ပြောပြထားသလို အသင်းသစ် ရှာဖွေမှုလည်း ပြုလုပ်နေကြောင်း သိရပါတယ်။

လက်ရှိမှာတော့ ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်အသင်းနဲ့ စီးရီးအေ အင်အားကြီး ကလပ် ဂျူဗင်တပ်အသင်းတို့က တီမိုဝါနာကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပြီး ချယ်လ်ဆီးအသင်း ကတော့ ဝါနာအတွက် ပြောင်းရွှေ့ကြေး ယူရို ၅၀သန်း ဝန်းကျင် အလိုရှိနေပါတယ်။