ပြီးခဲ့တဲ့ရက်သတ္တပတ်အနည်းငယ်အတွင်းက ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ကစားဖို့ သဘောတူညီမှု ရယူထားနိုင်ခဲ့ပြီဆိုပြီး သတင်းတွေ ထွက်ပေါ်လာခဲ့တဲ့ လိုက်ပ်ဇစ်အသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ သိပ်မကြာခင်မှာပဲ ချယ်လ်ဆီးအသင်းဆီကို အပြီးသတ်ပြောင်းရွှေ့တော့မယ်လို့ သတင်းတွေ ထပ်မံထွက်ပေါ်နေသလို ကစားသမားကိုယ်တိုင်က ချယ်လ်ဆီးအသင်းနဲ့ အလျင်အမြန် ပူးပေါင်းချင်နေတာကြောင့် လိုက်ပ်ဇစ်အသင်း ကစားဖို့ကျန်ရှိနေသေးတဲ့ ချန်ပီယံလိဂ်ပွဲစဉ်တွေကိုတောင် ဝင်ရောက်ဆင်နွဲဖွယ်မရှိဘူးလို့ သိရှိရပါတယ်။

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းကို ပေါင်(၅၄)သန်း(သူရဲ့စာချုပ်လျော်ကြေးတန်ဖိုး) တစ်ပတ်လုပ်ခ ပေါင်(၁၈၀၀၀၀) (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ကစားဖို့ သဘောတူညီခဲ့ပြီဖြစ်ပြီး အားကစားသတင်းမီဒီယာအများကနေ ခိုင်ခိုင်မာမာ ဖော်ပြလာခဲ့ပါတယ်။ ဒါ့အပြင် လာမယ့်ရက်ပိုင်းအတွင်းမှာ ဝါနာနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ အပြောင်းအရွှေ့ကိစ္စရပ်က လုံးဝကို အပြီးသတ်နိုင်မှာဖြစ်တယ်လို့ပါ သတင်းဌာနတချို့ကနေ ဖော်ပြလာခဲ့ပါတယ်။

Goal.com ကနေ ဖော်ပြလာချက်အရ ဝါနာဟာ ချယ်လ်ဆီးအသင်းနဲ့ ခပ်မြန်မြန်ပဲ ပူးပေါင်းချင်တာကြောင့် အပြောင်းအရွှေ့စျေးကွက်ဖွင့်တာနဲ့ ချယ်လ်ဆီးကို သွားရောက်တော့ဖို့ ဆုံးဖြတ်ထားခဲ့ပြီး လိုက်ပ်ဇစ်ရဲ့ ချန်ပီယံလိဂ် လက်ကျန်ပွဲစဉ်တွေကို ဝင်ရောက်ဆင်နွဲပေးဖွယ်တောင် မရှိဘူးလို့ သိရပါတယ်။ လိုက်ပ်ဇစ်အသင်းဟာ ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်ကို ကျော်ဖြတ်ထားနိုင်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ပွဲစဉ်ကနေ ဆက်လက်ဆင်နွဲရဦးမှာဖြစ်ပြီး လက်ရှိအနေအထားတွေအရ ချန်ပီယံလိဂ်ပွဲတွေကို လာမယ့်သြဂုတ်လမှသာ ကစားနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် တိုက်စစ်မှူးဝါနာကတော့ လိုက်ပ်ဇစ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ပွဲတွေကို ဆက်လက်ကစားပေးဖို့ ဆန္ဒမရှိတော့ပဲ အသင်းနဲ့ ဘွန်ဒစ်လီဂါပြိုင်ပွဲကိုသာ အပြီးသတ်ကစားပြီးတာနဲ့ ချယ်လ်ဆီးအသင်းကို ပြောင်းရွှေ့ဖွယ်ရှိနေပါတယ်။ ဝါနာဟာ ဒီရာသီမှာ လိုက်ပ်ဇစ်အသင်းအတွက် ဘွန်ဒစ်လီဂါသွင်းဂိုး (၂၅)ဂိုးအထိကို သွင်းယူပေးထားနိုင်ခဲ့ပါတယ်။