ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်မှူး တဦး ဖြစ်သူ တီမိုဝါနာ ကတော့ သူဟာ လိုက်ပ်ဇက်ကနေ ထွက်ခွာချိန်မှာ လီဗာပူးနဲ့ ချယ်လ်ဆီးတို့ နှစ်သင်းစလုံးရဲ့ ကမ်းလှမ်းမှုတွေကို ရခဲ့ပေမယ့် လီဗာပူးကို ငြင်းဆန်ပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် လုံးဝ နောင်တမရဘူးလို့ ထုတ်ဖော် ပြောကြားလာခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမန်လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ၂၀၂၀ခုနှစ်ကမှ ဂျာမန် နာမည်ကြီးကလပ် လိုက်ပ်ဇက်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် ၂ရာသီအတွင်း ပြိုင်ပွဲစုံ ၈၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၂၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

မြန်နှုန်းမြင့် ကစားဟန်ကို အသုံးပြုတတ်တဲ့ တီမိုဝါနာက ချယ်လ်ဆီးကို ရောက်ရှိကာစမှာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်လာလိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ သူက ချယ်လ်ဆီးရဲ့ ကစားကွက်ထဲမှာ အံဝင်ဖို့ ရုန်းကန်ခဲ့ရပြီး ယခုနှစ် ဘောလုံးရာသီမှာဆိုရင် တီမိုဝါနာက အရန်တိုက်စစ်မှူး တဦး အဖြစ်သာ ကစားနေရပါတယ်။

ဒါကြောင့်ပဲ ဂျာမန် ဘောလုံးပရိသတ် အများစုက တီမိုဝါနာက သူနဲ့ နိုင်ငံတူသလို မြန်နှုန်းမြင့် ကစားဟန်ကို သုံးစွဲတတ်တဲ့ ဂျာမန် ထိပ်သီးနည်းပြ ဂျာဂင် ကလော့ပ် ရှိတဲ့ လီဗာပူးဆီ မပြောင်းရွှေ့မိခဲ့လို့ နောင်တရသင့်ကြောင်း ဝေဖန်နေကြပြီး တီမိုဝါနာကတော့ သူဟာ ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကို အရယူနိုင်ခဲ့တာကြောင့် သူ့ရဲ့ ဆုံးဖြတ်ချက်က မမှားယွင်းဘူးလို့ ယုံကြည်သလို ချယ်လ်ဆီးဆီ ပြောင်းရွှေ့မိတဲ့ အတွက် နောင်တမရဘူးလို့လည်း ဆိုသွားခဲ့ပါတယ်။

Photo Credit: Sky Sports

တီမိုဝါနာက – “ကျွန်တော်က ကလော့ပ်ရဲ့ လက်အောက်မှာ ကစားခွင့်ရဖို့ အခွင့်အရေး တချို့ ရခဲ့ဖူးပါတယ်။ ကျွန်တော် စတုဂတ်မှာ ကစားနေတုန်းက ကလော့ပ် ရောက်လာပြီး ကျွန်တော့်ကို ဒေါ့မွန်ဆီ ခေါ်ယူဖို့ လုပ်ဆောင်ခဲ့ဖူးပါတယ်။ ဒါပေမယ့် သူနဲ့ ဆွေးနွေးပြီး မကြာခင်မှာပဲ ကျွန်တော့်ရဲ့ ခြေစွမ်းတွေက ကျဆင်းသွားလို့ ကျွန်တော့်ရဲ့ ဒေါ့မွန်ဆီ အပြောင်းအရွှေ့က မဖြစ်လာခဲ့ပါဘူး။ ကျွန်တော် လိုက်ပ်ဇက်မှာ ကစားနေတုန်းကလည်း လီဗာပူးက ကျွန်တော့်ကို ခေါ်ဖို့ ကြိုးစားခဲ့သလို ကျွန်တော်ကလည်း လီဗာပူးဆီ ပြောင်းရွှေ့ ကစားဖို့ စဉ်းစားခဲ့ဖူးပါတယ်။ ဒါပေမယ့် အဆုံးသတ်မှာ ကျွန်တော်က ချယ်လ်ဆီးကိုပဲ ရွေးခဲ့ပြီး ချယ်လ်ဆီးနဲ့အတူ ချန်ပီယံလိဂ် ဆုဖလားကိုလည်း ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒါကြောင့် ကျွန်တော့်ရဲ့ လီဗာပူးကို ငြင်းပြီး ချယ်လ်ဆီးဆီ ပြောင်းရွှေ့ဖို့ ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်က မှားယွင်းတယ်လို့ မထင်ပါဘူး” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။