ချယ်လ်ဆီးအသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ အင်္ဂလန်ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဂျိုးကိုးက သူရဲ့အသင်းဟောင်းချယ်လ်ဆီးရဲ့ တိုက်စစ်ကစားသမား တီမိုဝါနာအနေနဲ့ လက်ရှိစွမ်းဆောင်ရည်ထက် ပိုမိုကောင်းမွန်တဲ့ ဂိုးသွင်းစွမ်းရည်တွေကို ပြသနိုင်ဖို့နဲ့ ခြေစွမ်းပိုင်း တိုးတတ်ကောင်းမွန်လာဖို့ လိုအပ်တယ်လို့ သတိပေးပြောဆိုလိုက်တဲ့အပြင် သူရဲ့အသင်းဖော်ဟောင်း ဖရန့်လမ်းပတ်အနေနဲ့ကလည်း ဝါနာရုန်းကန်နေရတဲ့အချိန်မှာ တခြားတိုက်စစ်ကစားသမားတွေကိုပါ နေရာပေးသင့်တယ်လို့ အကြံပြုပြောဆိုခဲ့တယ်လို့ သိရှိရပါတယ်။

Photo Credit : Irish Mirror

အသက်(၂၄)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမား ဝါနာဟာ ဒီနှစ်နွေစျေးကွက်အတွင်းမှာပဲ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်(၄၇.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း(၂၀)အထိ ပါဝင်ကစားကာ (၈)ဂိုးသွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဝါနာဟာ ချယ်လ်ဆီးအသင်းရဲ့ နောက်ဆုံးကစားခဲ့တဲ့ ပြိုင်ပွဲစုံ(၈)ပွဲဆက်တိုက် တစ်ဂိုးမှကို မသွင်းယူနိုင်ခဲ့တဲ့အထိကို ဂိုးပေါက်ပျောက်ဆုံးလို့နေရပြီး အဲ့ဒီ(၈)ပွဲလုံးမှာလည်း (၆)ပွဲအထိ ပွဲထွက်ကစားသမားအဖြစ် ပါဝင်ကစားခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Goal

ဒီလို ပွဲဆက်များစွာ ဂိုးပေါက်ပျောက်ဆုံးနေတဲ့ ဝါနာနဲ့ပတ်သက်ပြီး ဂျိုးကိုးက “ကျွန်တော် ဝါနာ ချယ်လ်ဆီးအသင်းကို ရောက်ရှိလာပြီဆိုကတည်းက သူက ပြိုင်ဘက်ခံစစ်ကစားသမားတွေအတွက် အရမ်းကို အန္တရာယ်များနိုင်မယ့် ကစားသမားတစ်ယောက်လို့ ထင်ခဲ့မိတာ။ ဒါပေမယ့် သူက အဆုံးသတ်ပိုင်းမှာ ပိုပြီးအားကောင်းဖို့ သေချာဖို့အတွက်ကိုတော့ လိုအပ်နေသေးတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် သူက ငယ်ရွှယ်နေသေးသလို အချိန်တန်ရင် အဆုံးသတ်သေချာတဲ့ တိုက်စစ်မှူးတစ်ယောက် ဖြစ်လာမှာပါ။ သူအနေနဲ့ ချယ်လ်ဆီးအသင်းမှာ ထိပ်တန်းကစားသမားတစ်ယောက် ဖြစ်လာလိမ့်မယ်ဆိုတာ လုံးဝကို သံသယမရှိပါဘူး။ ဒါပေမယ့် လက်ရှိအခြေအနေနဲ့ပတ်သက်ပြီး ရွေးချယ်စရာတွေ ရှိလို့နေပြီး ဒါကို လမ်းပတ်ဘက်ကနေ လုပ်ဆောင်နိုင်ဖို့ လိုအပ်ပါတယ်။ ဘောလုံးရာသီတစ်ခုဆိုတာ ခရီးရှည်ကြီးတစ်ခုကို ဖြတ်သန်းနေရတာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီမှာဆိုရင် ပွဲဆက်တွေများစွာ ဆင်နွဲနေရတာဖြစ်လို့ သင့်အနေနဲ့ သူရဲ့လူစာရင်းတစ်ခုလုံးကို အကောင်းဆုံးအသုံးချနိုင်ဖို့ လိုအပ်ပါတယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။ လတ်တလောမှာ ချယ်လ်ဆီးရဲ့ ဂျာမန်ကြယ်ပွင့်တွေဖြစ်တဲ့ ဝါနာနဲ့ဟားဗက်ဇ်တို့နှစ်ယောက်လုံးဟာ အသင်းမှာ ခြေစွမ်းမပြနိုင်ပဲ ရုန်းကန်နေရလို့ ပရိသတ်တွေနဲ့ အသင်းသားဟောင်းတွေရဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အသင်းကလည်း နောက်ဆုံးနှစ်ပွဲဆက်တိုက်ကို အရေးနိမ့်ခဲ့ရပါတယ်။