လီဗာပူးအသင်းရဲ့ ဂန္တဝင်ကွင်းလယ်လူ တစ်ဦးဖြစ်တဲ့ ဒီဒီဟာမန်းကတော့ လက်ရှိ ဘောလုံးရာသီမှာ ဘွန်ဒက်စ်လီဂါကလပ်အသင်း တစ်သင်းဖြစ်တဲ့ ရက်ဘူးလ်လစ်ဇက်အသင်းနဲ့အတူ တောက်ပနေတဲ့ တိုက်စစ်မှူး တီမိုဝါနာကို ပရီးမီးယားလိဂ်ထံ ပြောင်းရွှေ့လိုပါက သူ့ရဲ့ အသင်းဟောင်း လီဗာပူးထက် ပြိုင်ဘက်တွေ ဖြစ်တဲ့ ချယ်လ်ဆီးနဲ့မန်ယူ နှစ်သင်းထဲက တစ်သင်းကို ရွေးချယ်သင့်တယ်လို့ အကြံပြု ပြောဆိုသွားခဲ့ပါတယ်။ တီမိုဝါနာဟာ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်အပြီးမှာ လီဗာပူးအသင်းရဲ့ စိတ်ဝင်စားမှုကိုရတာကြောင့် ဂုဏ်ယူရပါတယ် လို့ ပြောဆိုထားခဲ့သူပါ။

Photo Credit: Express.com

အသက်၂၃နှစ်အရွယ် တီမိုဝါနာဟာ လက်ရှိ ရာသီမှာ လစ်ဇက်အသင်းအတွက် ဘွန်ဒက်စ်လီဂါပွဲစဉ် ၂၂ပွဲအထိ ပါဝင်ကစားပေးထားရာမှာ ဂိုး၂၀သွင်းယူထားပြီး ဘွန်ဒက်စ်လီဂါပြိုင်ပွဲရဲ့ ဂိုးသွင်းအများဆုံး ကစားသမားစာရင်းမှာ ထိပ်ဆုံးကနေ ဦးဆောင်နေသူပါ။ ထွက်ပေါ်နေတဲ့ အပြောင်းအရွှေ့သတင်းတွေအရ တီမိုဝါနာကို ခေါ်ယူဖို့ ပရီးမီးယားလိဂ်အသင်းတွေဖြစ်တဲ့ မန်ယူ ၊ ချယ်လ်ဆီးနဲ့ လီဗာပူးတို့က စိတ်ဝင်စားနေကြတာဖြစ်ပြီး ဟာမန်းကတော့ ဝါနာကို လီဗာပူးထက် မန်ယူ ၊ ချယ်လ်ဆီးတို့ကိုသာ ရွေးချယ်သင့်တယ်လို့ ထောက်ပြပြောဆိုခဲ့ပါတယ်။

Photo Credit: Express.com

တီမိုဝါနာရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး ဟာမန်းက ” သူဟာ မကြာခင်မှာပဲ အသင်းကြီးတစ်သင်းမှာ ကစားခွင့်ရတော့မယ့်သူပါ။ လီဗာပူးလို အသင်းနဲ့သတင်းထွက်တာက သူ့အတွက် ဂုဏ်ယူစရာပါပဲ။ ဒါပေမယ့် သူက လီဗာပူးနဲ့ သင့်တော်မယ့်သူ ဖြစ်ပါ့မလား။ ဝါနာဟာ သူ့ရဲ့ လျင်မြန်မှုနဲ့ သွင်းဂိုးတွေ ရယူလေ့ရသူပါ။ လီဗာပူးမှာ ဖာမီနိုက အသင်းဖော်တွေကို ချိတ်ဆက် ပေးတဲ့ တာဝန်ကိုယူထားပါတယ်။ ဒီတော့ သူက ဆာလက် ၊ မာနေးတို့နဲ့ နေရာယှဉ်လုရမှာပါ။ ဒါဆိုရင်တော့ သူ့အနေနဲ့ ဒီနှစ်ယောက် မကစားရမှပဲ ကစားရမယ့်အနေအထားပါ။ ဒါ့ကြောင့် သူ့အနေနဲ့ လီဗာပူးထက် မန်ယူနဲ့ ချယ်လ်ဆီးတို့ကိုသာ ရွေးချယ်သင့်ပါတယ် ” လို့ ပြောကြားသွားခဲ့တာပါ။