ယခုနှစ်ဘောလုံးရာသီမှာ လစ်ဇက်အသင်းနဲ့အတူ ဘွန်ဒက်စ်လီဂါပွဲ ၂၀ပွဲအထိ ကစားထားကာ သွင်းဂိုး ၂၀ဂိုးနဲ့အတူ ဂိုးဖန်တီးမှု ၆ကြိမ် အထိ ပြုလုပ်ထားနိုင်ခဲ့တဲ့ ဂျာမဏီလက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူဖို့ လက်တစ်ကမ်းအလိုကို ရောက်ရှိနေတဲ့ လီဗာပူးလ်အသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားနေကြောင်း ဂျာမဏီသတင်းစာတွေက ဖော်ပြခဲ့ကြပါတယ်။

Photo Credit: Standard.com

တီမိုဝါနာဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ လာရောက်ယှဉ်ပြိုင်ဖို့အတွက် စိတ်ဝင်စားနေသူ တစ်ဦးဖြစ်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ကစားခွင့်ရဖို့ဟာ သူ့ရဲ့အိမ်မက်ဖြစ်ကြောင်း ထုတ်ဖော် ပြောဆိုထားသူပါ။ ဒါ့အပြင် ဝါနာက သူဟာ ချယ်လ်ဆီး ၊ ယူနိုက်တက်အသင်းတို့လို ပရီးမီးယားလိဂ်ရဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခွင့်ရရှိလိုတယ်လို့လည်း ပြောကြားထားသူပါ။

Photo Credit: Standard.com

နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးတစ်ခုမှာတော့ ဝါနာက သူဟာ လက်ရှိရာသီမှာ လစ်ဇက် အသင်းအတွက်သာ အာရုံစိုက်ထားကြောင်းနဲ့ အကယ်၍ သူ့ကိုသာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်စွမ်းရှိတဲ့ အသင်းတစ်သင်းရဲ့ ကမ်းလှမ်းမှုကိုသာ ရပါက အသင်းပြောင်းဖို့ စဉ်းစားမယ်ဆိုပြီး လီဗာပူးလ်အသင်းထံ ပြောင်းရွှေ့ဖို့အတွက် စိတ်ဝင်စားနေကြောင်း ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Standard.com

တီမိုဝါနာက ” အသက်၂၃နှစ်အရွယ်မှာ ဂိုး ၂၀သွင်းယူနိုင်ရင်တော့ ခင်ဗျားကို စိတ်ဝင်စားမှုတွေ ရှိလာမှာပါပဲ။ ဒါက အမှန်တရားပါ။ ဒါပေမယ့် လက်ရှိမှာတော့ ကျွန်တော်က အသင်းနဲ့အတူ လက်ကျန်အရေးပါတဲ့ ပွဲတွေကိုပဲ အာရုံစိုက် ထားပါတယ်။ အနာဂတ်အကြောင်းက နောက်မှ စဉ်းစားလို့ရတယ်လေ။ ခင်ဗျားကို လာမယ့် နှစ်ပတ်မှာ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်တဲ့ အသင်းတစ်သင်းက ကမ်းလှမ်းလာခဲ့ရင် ခင်ဗျား ဘယ်လိုစဉ်းစားမလဲ။ သေချာတာက အဲ့ဒီအသင်းကို ပြောင်းဖို့ စဉ်းစားမှာပါပဲ ” လို့ ဖွင့်ဟပြောဆိုလာခဲ့တာပါ။