ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်း ဖြစ်တဲ့ လီဗာပူးအသင်းဟာ သူတို့အသင်းထံကို ပြောင်းရွှေ့မယ်လို့ ရေပန်းစားနေတဲ့ လစ်ဇက် အသင်းရဲ့ တိုက်စစ်မှူး တီမိုဝါနာကို ခေါ်ယူဖို့ အခွင့်အရေး ရနေပေမယ့် ဝါနာကို ခေါ်ယူရာမှာ ပေးချေရမယ့် စာချုပ်ဖျက်သိမ်းကြေး ပေါင် ၅၀ သန်းကို ပေးချေဖို့ ဆန္ဒမရှိဘူးလို့ သိရပါတယ်။ အသက်၂၄နှစ်အရွယ် တိုက်စစ်မှူး တီမိုဝါနာ ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ လက်ရှိ ကလပ် လစ်ဇက်အသင်းကနေ ပြောင်းရွှေ့ဖို့အတွက် ကြိုးစားနေသူဖြစ်ပြီး သူဟာ ပရီးမီးယားလိဂ်မှာ ကစားချင်တယ်လို့ အတိအလင်း ဝန်ခံထားသူ ဖြစ်သလို လက်ရှိမှာလည်း သူ့ကို ခေါ်ယူဖို့အတွက် လီဗာပူးအသင်း ၊ မန်ယူ ၊ ချယ်လ်ဆီး စတဲ့ ပရီးမီးယားလိဂ် ထိပ်တန်း အသင်းတွေက ကြိုးစားနေကြပါတယ်။

Photo Credit: Metro

တီမိုဝါနာဟာ လက်ရှိ ဘွန်ဒက်လီ​ဂါဘောလုံး ရာသီမှာ လစ်ဇက်အသင်းအတွက် ၂၇ပွဲအထိ ပါဝင် ကစားပေးထားရာမှာ ၂၄ဂိုး သွင်းယူ ပေးထားနိုင်သလို ၇ဂိုးကိုလည်း ဖန်တီးပေးနိုင်သူပါ။ ဒါ့ကြောင့်လည်း တီမိုဝါနာဟာ လက်ရှိ ဘောလုံးရာသီမှာ ဥရောပပြိုင်ပွဲရဲ့ သွင်းဂိုး+ ဂိုးဖန်တီးမှု ၃၀ကျော်တဲ့ ကစားသမားစာရင်းမှာ မက်ဆီ ၊ အမ်မိုဘိုင်းလီ ၊ ဆန်ချို ၊ လီဝန်ဒေါစကီးတို့နဲ့အတူ ပါဝင်နေတာပဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာတော့ တီမိုဝါနာဟာ အီစတာ ပွဲတော်နေ့ရက်မှာ လီဗာပူးအသင်းရဲ့ နည်းပြ ဖြစ်သူ ကလော့ပ်နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် ယနေ့မှာ ထွက်လာတဲ့ သတင်းတွေကတော့ လီဗာပူးဟာ ဝါနာကို အမှန်တကယ် ခေါ်ယူလိုခြင်း မရှိဘူးလို့ ဖော်ပြသွားကြပါတယ်။

Photo Credit: Metro

Mirror သတင်းစာရဲ့ ဖော်ပြချက်အရတော့ လီဗာပူးအသင်းဟာ ဝါနာရဲ့ အခြေအနေကို စောင့်ကြည့်နေတာ မှန်ပေမယ့် လာမယ့် ဘောလုံးရာသီမှာ ပြောင်းရွှေ့ကြေး များစွာကို အသုံးပြုလိုခြင်း မရှိပဲ ရှိရင်းစွ​ဲ ကစားသမားတွေကိုသာ ထိန်းသိမ်းမှု ပြုလုပ်သွားမှာ ဖြစ်ကြောင်းနဲ့ အရန်ကစားသမား တချို့ကိုသာ အပြောင်းအလဲ လုပ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဂျာမဏီ သတင်းစာအချို့ကလည်း အဆိုပါသတင်းတွေကို အတည်ပြုထားပြီး လီဗာပူးအသင်းဟာ ဝါနာ ကို ခေါ်ယူလိုပေမယ့် ဝါနာရဲ့ စာချုပ် ဖျက်သိမ်းကြေးဖြစ်တဲ့ ယူရို၅၀သန်းကို ပေးချေလိုခြင်း မရှိပဲ ယူရို၃၅သန်းခန့်နဲ့သာ ဝါနာကို ဝယ်ယူချင်နေတယ်လို့ ဖော်ပြထားကြပါတယ်။ လီဗာပူးအသင်းရဲ့ ဝါနာအပေါ် စိတ်ဝင်စားမှု လျော့ကျလာခဲ့တာဟာ ဝါနာကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ယူအသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ အတွက် ကောင်းမွန်မှုရှိလာတယ်လို့ ဆိုရမှာပါ။