မနေ့ညက အင်္ဂလန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပသွားခဲ့တဲ့ ချန်ပီယံလိဂ်(၁၆)သင်းအဆင့် ပွဲစဉ်အတွင်း အိမ်ရှင်စပါးအသင်းကို သူရဲ့တစ်ဂိုးတည်းသော သွင်းဂိုးနဲဲ့ အနိုင်ရရှိစေခဲ့တဲ့ ရက်ဘူးလိုက်ပ်ဇစ်အသင်းရဲ့တိုက်စစ်ကစားသမား တီမိုဝါနာက ပထမအကျော့နိုင်ပွဲကြောင့် ကျေနပ်မိကြောင်းကို ပြောဆိုခဲ့သလို လတ်တလောမှာ လှုပ်ခတ်လျက်ရှိနေတဲ့ သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီးတော့ကိုလည်း သူ့ကိုစိတ်ဝင်စားနေတဲ့ အသင်းတွေထဲကမှ လီဗာပူးလ်အသင်းရဲ့စိတ်ဝင်စားမှုကို သူ့ဘက်ကနေလည်း သဘောကျနေမိကြောင်း အရိပ်အမြွက်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Images

အသက်၂၃နှစ်အရွှယ် ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ လိုက်ပ်ဇစ်အသင်းမှာ အတော်လေးကို ခြေစွမ်းပြကစားနေလျက်ရှိပြီး ဒီနှစ်ဘောလုံးရာသီအတွင်း ဘွန်ဒက်လီဂါမှာ လီဝန်ဒေါစကီးပြီးနောက် ဒုတိယဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်လျက်ရှိနေသလို ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း စပါးအသင်းဘက်ကကို သွင်းယူခဲ့တဲ့ ပင်နယ်တီသွင်းဂိုးအပါအဝင် သွင်းဂိုးစုစုပေါင်း၄ဂိုး ရယူထားခဲ့ပါတယ်။ ဒီလို သွင်းဂိုးများစွာ ရယူထားခဲ့တဲ့ ဝါနာကို ဥရောပကလပ်အသင်းပေါင်းများစွာကနေ စိတ်ဝင်စားလျက်ရှိနေကြပြီး ဒီအသင်းတွေထဲမှာ လီဗာပူးလ်အသင်းလည်း အပါအဝင် ဖြစ်လို့နေပါတယ်။

Photo Credit : Getty Images

လီဗာပူးလ်နည်းပြ ယာဂင်ကလော့က သူနဲ့တစ်နိုင်ငံတည်းဖြစ်တဲ့ လိုက်ပ်ဇစ်တိုက်စစ်ကစားသမား တီမိုဝါနာကို အသင်းဆီ ခေါ်ယူချင်နေပြီး အသင်းကို ဒီထက်မက အင်အားကြီးမားတဲ့ အသင်းတစ်သင်းအဖြစ် တည်ဆောက်ချင်နေတာဖြစ်ပါတယ်။ အခုလို လီဗာပူးလ်ပစ်မှတ်ဖြစ်နေတဲဲ့အပေါ် ဝါနာက “အခုအချိန်မှာတော့ လီဗာပူးလ်က ကမ္ဘာပေါ်က အကောင်းဆုံးဘောလုံးအသင်းတစ်သင်းဆိုတာ ကျွန်တော်သိပါတယ်။ ဒီလိုအသင်းမျိုးရဲ့ စိတ်ဝင်စားမှုကို ရရှိထားတဲဲ့အတွက်လည်း ကျွန်တော်ကိုယ့်ကိုကိုယ် ဂုဏ်ယူမိတယ်။ လက်ရှိက လီဗာပူးလ်မှာ ဖိအားတွေ အနည်းငယ်ရှိနေတယ်ဆိုပေမယ့်လည်း သူတို့မှာက ကစားသမားကောင်းတွေလည်း အများကြီးရှိနေတယ်လေ။ ကျွန်တော်ကတော့ ကိုယ့်ကိုကိုယ် ဒီထက်မက တိုးတတ်လာအောင် ကြိုးစားရပါဦးမယ်။ ပြီးရင်လည်း လီဗာပူးလ်လို အသင်းမျိုးမှာ ကစားနိုင်တဲ့ အဆင့်မျိုးထိရောက် လေ့လာသင်ယူမှုတွေ ဆက်လက်ပြုလုပ်ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။