MySport Myanmar

အငှားသက်တမ်း ပြည့်သွားရင်တောင် စပါးနဲ့ပဲ ဆက်လက် လက်တွဲသွားချင်နေတဲ့ ဝါနာ

ပြီးခဲ့တဲ့ ဆောင်းရာသီ ဈေးကွက်အတွင်းကမှ လိုက်ပ်ဇစ်အသင်းကနေ တော့တင်ဟမ် ဟော့စပါးအသင်းဆီကို အငှားစာချုပ်နဲ့ ပြောင်းရွှေ့ထားခဲ့တဲ့ တိုက်စစ်ကစားသမား တီမို ဝါနာက အငှားသက်တမ်း ပြည့်သွားရင်တောင်မှ စပါးနဲ့ပဲ ဆက်လက် လက်တွဲသွားချင်နေတယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းနဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ ဂျာမနီ တိုက်စစ်ကစားသမား ဝါနာဟာ သူ့အသင်းဟောင်း လိုက်ပ်ဇစ်ကို ပြန်လည် ပြောင်းရွှေ့ပြီးချိန် နောက်ပိုင်းမှာတော့ ပုံမှန်နေရာရဖို့ ခက်ခဲလာခဲ့ပြီး အဲ့ဒီနောက် စပါးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့သွားခဲ့ရပါတယ်။

Photo Credit : Cartilage Free Captain

အသက် (၂၈)နှစ်အရွယ် တိုက်စစ်ကစားသမား ဝါနာဟာ လိုက်ပ်ဇစ်ရဲ့ တိုက်စစ်ပိုင်းမှာ အိုပင်ဒါ ဆက်စ်ကိုတို့ရဲ့ နောက်မှာသာ ကစားနေပေမယ့်လည်း စပါးအသင်းမှာတော့ တိုက်စစ်ပိုင်း လိုအပ်ချက်တွေကြောင့် အခုဆို ပြိုင်ပွဲစုံ (၉)ပွဲအထိ ကစားထားရပြီး (၂)ဂိုးသွင်း (၂)ဂိုးဖန်တီးထားနိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဝါနာက လိုက်ပ်ဇစ်ကနေ စပါးအသင်းဆီ အငှားနဲ့ ပြောင်းရွှေ့ခဲ့စဉ်က ယူရို (၁၇)သန်းတန် အပြီးသတ် ခေါ်ယူခွင့်ကိုပါ တစ်ပါတည်း ထည့်သွင်းချုပ်ဆိုထားခဲ့တာကြောင့် စပါးအသင်းက ဝါနာကိုသာ အပြီးသတ် ခေါ်ယူချင်မယ်ဆိုရင် အလွယ်တကူ ခေါ်ယူနိုင်မှာပဲ ဖြစ်ပါတယ်။

Photo Credit : Goal

အခုဆိုရင် ဝါနာက စပါးအတွက် အရေးပါတဲ့ ကစားသမားတစ်ဦးပါ ဖြစ်နေရသလို ဝါနာကိုယ်တိုင်ကလည်း လန်ဒန်မြေမှာ ပျော်ရွှင်နေတာကြောင့် အငှားသက်တမ်း ပြည့်သွားရင်တောင်မှ လိုက်ပ်ဇစ်ဆီ ပြန်မသွားတော့ပဲ စပါးအသင်းနဲ့သာ ဆက်လက် လက်တွဲသွားချင်နေပါတယ်။

စပါးအသင်းနည်းပြ ပိုစတီကိုဂလူးကလည်း အသင်းတိုက်စစ်ပိုင်းအတွက် ဝါနာကို အပြီးသတ် ခေါ်ယူဖို့ ဆန္ဒရှိလို့နေပြီး အသင်းအနေနဲ့ကတော့ ရာသီကုန်အထိ ဝါနာရဲ့ ကလပ်အသင်းအပေါ် ဘယ်လောက် စွမ်းဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ပြီးမှသာ အပြီးသတ် ခေါ်ယူမယူကို ဆုံးဖြတ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version