ပရီးမီးယားလိဂ် အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဖြစ်သူ တီမိုဝါနာဟာ ယနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ ဝက်စ်ဟမ်းအသင်းတို့ရဲ့ လန်ဒန်ဒါဘီ ပွဲစဉ်မှာ ဂိုးမသွင်းယူ နိုင်ခဲ့တာကြောင့် သူ့ရဲ့ ကစားသမားဘဝမှာ ဒုတိယမြောက် အရှည်ကြာဆုံး ဂိုးပေါက်ပျောက်ဆုံးမှုနဲ့ ရင်ဆိုင်နေရကြောင်း အချက်အလက် မှတ်တမ်းတေွ အရ သိရှိ ရပါတယ်။ အသက် ၂၄နှစ် အရွယ်သာ ရှိိသေးတဲ့ ဂျာမန် လက်ရွေးစင် တိုက်စစ်မှူး တီမိုဝါနာဟာ ဂျာမန် ဘွန်ဒက်လီဂါကလပ် လိုက်ပ်ဇက်အသင်း ကနေ ချယ်လ်ဆီးအသင်းထံကို ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ ကမှ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Goal

တီမိုဝါနာဟာ ချယ်လ်ဆီးအသင်းထံ ရောက်ရှိပြီး မကြာခင်မှာပဲ အသင်းအတွက် သွင်းဂိုးတွေ စတင် သွင်းယူ ပေးနိုင်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီ ပြိုင်ပွဲအရပ်ရပ်မှာ ၂၁ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၈ဂိုး သွင်းယူထားကာ ဂိုးဖန်တီးမှု ၆ကြိမ်အထိ ပြုလုပ် ထားနိုင်တာကြောင့် သူ့ရဲ့ ခြေစွမ်းဟာ သင့်တော်တဲ့ အနေအထား တစ်ရပ်မှာ ရှိနေတယ်လို့ ဆိုရမှာပါ။ ဒါပေမယ့် ဝက်စ်ဟမ်းအသင်းနဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုး ရရှိအောင် မစွမ်းဆောင်နိုင်ခဲ့တဲ့ နောက်မှာ‌တော့ ဝါနာဟာ နောက်ဆုံး ပွဲထွက် ကစားခဲ့တဲ့ ၇ပွဲဆက်တိုက် ဂိုးပေါက်ပျောက်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး ဒါဟာ သူ့ရဲ့ ကစားသမားဘဝ အစဖြစ်တဲ့ ၂၀၁၃ခုနှစ်မှာ ၉ပွဲဆက်တိုက် ပွဲထွက် ကစားရပြီး ဂိုးပေါက်ပျောက်မှု အပြီးမှာ အဆိုးရွားဆုံး မှတ်တမ်းတစ်ရပ် ဖြစ်နေကြောင်း သိရပါတယ်။

Photo Credit: Metro

တီမိုဝါနာဟာ နောက်ဆုံး ကစားခဲ့တဲ့ ပြိုင်ပွဲစုံ ၇ပွဲမှာ သွင်းဂိုးတွေ သွင်းယူနိုင်ခြင်း မရှိခဲ့ပေမယ့် ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ် ပေးနိုင်ခဲ့တာကြောင့် အသင်းအတွက် တတ်စွမ်းသလောက် ကြိုးစား အားထုတ် ပေးနေတာကို မြင်တွေ့ရပါတယ်။ တီမိုဝါနာ တစ်ယောက် အခုလို ဂိုးပေါက်ပျောက်ဆုံး နေရတာဟာ သူ့ရဲ့ မူလနေရာ ဖြစ်တဲ့ အထောင်တိုက်စစ် နေရာကနေ ဘယ်တောင်ပံ ကစားသမား အဖြစ် ပြောင်းလဲ ကစား နေရတာကြောင့် ဖြစ်ကြောင်း ဘောလုံးရေးရာ သုံးသပ်သူတွေက သုံးသပ် ထားကြပြီး တချို့ကတော့ တီမိုဝါနာဟာ သူ့ရဲ့ အဆုံးသတ် စွမ်းရည်ကြောင့်သာ သွင်းဂိုး မရရှိတာ ဖြစ်ကြောင်း ဆိုထားကြပါတယ်။ တီမိုဝါနာဟာ သူ့ရဲ့ နောက်ဆုံး ကန်ချက် ၁၃ကြိမ်ကနေ သွင်းဂိုး တစ်ဂိုးမှ ရရှိထားခြင်း မရှိတဲ့ အချက်ဟာ သူ့ရဲ့ အဆုံးသတ်စွမ်းရည် အားနည်းမှုကို ပြသနေတာ ဖြစ်ပေမယ့် ပရီးမီးယားလိဂ်ရဲ့ မျက်နှာသစ် တိုက်စစ်မှူး တစ်ဦးအနေနဲ့ အခုလို စွမ်း‌ဆောင် ပြထားတာဟာ အတော်ကို ကောင်းမွန်တယ်လို့ ဆိုရမှာပါ။