မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ ချယ်လ်ဆီးအသင်းနဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ ကာရာဘောင်း လိဂ်ဖလား တတိယအဆင့် ပွဲစဉ်အတွင်းမှာ ချယ်လ်ဆီးအသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ဆင်နွဲခဲ့တဲ့ ဂျာမနီတို်က်စစ်ကစားသမား တီမိုဗာနာဟာ အသင်းအတွက် သွင်းဂိုးတစ်ဂိုးကို ပွဲချိန်အတွင်းမှာ သွင်းယူပေးနိုင်ခဲ့ခြင်း ရှိခဲ့ပေမယ့် တစ်ဖက်တစ်ဂိုးစီ သရေကျနေချိန် ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ပါဝင်လာခြင်းမရှိတဲ့အပေါ် ဗာနာက ပြန်လည်ဖြေရှင်းသွားခဲ့ပါတယ်။

Photo Credit : FotMob

အသက်(၂၅)နှစ်အရွှယ်ရှိ ဂျာမနီလက်ရွေးစင် တိုက်စစ်ကစားသမား ဗာနာဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိ်လာခဲ့တာဖြစ်ပြီး သူရဲ့ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာ ရုန်းကန်ခဲ့ရသလို အခု ဒုတိယရာသီမှာလည်း ချယ်လ်ဆီးအသင်းဘက်က ကစားသမားဟောင်း လူကာကူကို ပြန်လည်ခေါ်ယူခဲ့တာကြောင့် ဗာနာရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။ ဒီလို ပုံမှန်နေရာ ပျောက်ဆုံးနေရတဲ့ ဗာနာဟာ မနေ့ညက ဗီလာအသင်းနဲ့ ယှဉ်ပြိုင်ခဲ့ရတဲ့ လိဂ်ဖလားပွဲစဉ်မှာတော့ အသင်းအတွက် ပွဲထွက်ကစားသမားအဖြစ် ပါဝင်ခဲ့ရင်း ဦးဆောင်ဂိုးတစ်ဂိုးပါ သွင်းယူနိုင်ခဲ့ပေမယ့် ဗီလာဘက်က ပြန်လည်ချေပခဲ့လို့ တစ်ဖက်တစ်ဂိုးစီ သရေကျနေခဲ့ရာ ပင်နယ်တီ အဆုံးအဖြတ် ခံယူပြီးနောက် ဗာနာရဲ့ ချယ်လ်ဆီးအသင်းက ပင်နယ်တီမှာ အနိုင်ရပြီး နောက်တစ်ဆင့်ကို တတ်လှမ်းသွားခဲ့ပါတယ်။

Photo Credit : Goal

ဗီလာနဲ့ပွဲမှာ အသင်းအတွက် ပါဝင်ကစားပေးခဲ့ရင်းနဲ့ ဂို်းပါသွင်းယူနိုင်ခဲ့တဲ့အပေါ် ဗာနာက “ပရိသတ်တွေက ကျွန်တော့်နာမည်နဲ့ သီချင်းဆိုနေတာကို ကြားရတော့ အရမ်းကို ခံစားလို့ကောင်းတယ်။ အသင်းအတွက် သွင်းဂိုးတွေ ပြန်လည်သွင်းယူနိုင်တာက အရမ်းကို ကောင်းပါတယ်။ နိုင်ပွဲတွေရဖို့နဲ့ ကာရာဘောင်းဖလားပွဲမှာ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့က ကျွန်တော်တို့အတွက် လိုအပ်နေတာဖြစ်သလို အခုပွဲစဉ်ရဲ့ ရလဒ်အပေါ်မှာလည်း ပျော်ရွှင်နေပါတယ်။ ပထမပိုင်းမှာပဲ အဖွင့်ဂိုးကို စတင်သွင်းယူနိုင်ခဲ့တယ်ဆိုပေမယ့် အသင်း(၂)သင်းလုံးက ကစားသမား အပြောင်းအလဲများစွာ ပြုလုပ်ထားတဲ့အပေါ်မှာ ရုန်းကန်နေခဲ့ရတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့တွေ ဖိအားတွေများစွာနဲ့ ထိန်းချုပ်မှုတွေ ကင်းမဲ့နေရပေမယ့်လည်း ပွဲက တစ်ဖက်တစ်ဂိုးစီနဲ့ ပြီးဆုံးသွားခဲ့ရပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ကံကောင်းခဲ့ရတယ်” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဒါပေမယ့် ဗာနာက အသင်းရဲ့ ပင်နယ်တီ အဆုံးအဖြတ် ခံယူရာမှာ ပါဝင်ကန်သွင်းခဲ့ခြင်း မရှိတဲ့အပေါ် “ပထမဆုံးအနေနဲ့ ကျွန်တော့်မှာ ခြေသလုံးကြွက်သားဒဏ်ရာ ခံစားနေရတာမို့ ပွဲကို ဆက်လက်မကစားနိုင်ခဲ့တာ။ အသင်းရဲ့ ကစားသမားတွေထဲမှာ ကြံခိုင်မှုကောင်းနေတဲ့ ကစားသမားတွေ ရှိနေတယ်ဆိုရင် သူတို့ကန်သွင်းတာက ကျွန်တော့်လို အခြေအနေနဲ့ ကန်သွင်းတာထက် ပိုကောင်းပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။