ချယ်လ်ဆီးအသင်းရဲ့ ဂျာမန်တိုက်စစ်ကစားသမား တီမိုဝါနာဟာ မနေ့ညက ယှဉ်ပြိုင်ကစားသွားခဲ့တဲ့ ဘရိုက်တန်အသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ချယ်လ်ဆီးဘက်ကနေ ပွဲထွက်ပါဝင်ကစားခဲ့ပြီး အသင်းအတွက် သွင်းဂိုးရယူနိုင်ခဲ့ခြင်းမရှိပေမယ့် ကြိုးစားပမ်းစား ကစားပေးခဲ့တဲ့ သူ့ကြောင့် အသင်းက ပင်နယ်တီကန်သွင်းခွင့် ရရှိခဲ့ပြီး အဖိုးတန်အဖွင့်ဂိုးကိုပါ ပိုင်ဆိုင်နိုင်ခဲ့ရပါတယ်။ ပွဲအပြီး အင်တာဗျူးမှာတော့ ဝါနာက သူယခင် ကျင်လည်ခဲ့တဲ့ ဂျာမန်ဘွန်ဒစ်လီဂါပြိုင်ပွဲနဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲတို့ရဲ့ ခြားနားချက်အကြောင်းတွေကို ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။

Photo Credit : Sky Sports

အသက်(၂၄)နှစ်ရှိ ဂျာမန်လက်ရွေးစင် တိုက်စစ်ကစားသမားဝါနာဟာ ဒီနှစ်နွေစျေးကွက်ကမှ လိုက်ပ်ဇစ်အသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဘရိုက်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ပွဲစဉ်မှာပဲ သူရဲ့ပထမဆုံးသော ပရီးမီးယားလိဂ်ပွဲစဉ်ကို စတင်ကစားခဲ့ရတာဖြစ်ပါတယ်။ ဝါနာက အသင်းအတွက် မိနစ်(၉၀)ပြည့် ပါဝင်ကစားခဲ့ပြီး ဂိုးကန်ချက်(၅)ကြိမ်ထိ ပြုလုပ်နိုင်ခဲ့ပေမယ့် (၃)ကြိမ်လောက်က ဘရိုက်တန်ခံစစ်ရဲ့ဟန့်တားခြင်းကို ခံခဲ့ရပြီး ဂိုးပေါက်တည့်မတ်မှုကတော့ တစ်ကြိမ်ပဲရှိခဲ့ပါတယ်။ ဒါပေမယ့် သူ့ကြောင့် ချယ်လ်ဆီးတို့ ပင်နယ်တီကန်ခွင့်ရပြီး ကွင်းလယ်လူဂျော်ဂျင်ဟိုကနေ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

Photo Credit : Goal

ပွဲအပြီး အင်တာဗျူးမှာ တီမိုဝါနာက “တစ်ဖက်တစ်ဂိုးစီ သရေကျသွားချိန်မှာ ပွဲကခက်ခဲသွားခဲ့ရပါတယ်။ ဒါပေမယ့် ရီးစ်ရဲ့သွင်းဂိုးကတော့ အရမ်းကို အံ့မခန်းပါပဲ။ ပွဲက အတော်လေးကို ခြားနားလွန်းပါတယ်။ ဒုတိယပိုင်း ပွဲကစားချိန်တွေမှာတော့ နေရာလွတ်တွေက များပြားတယ်ဆိုပေမယ့် ပွဲကခြားနားလာခဲ့တယ်။ လုံးဝကို ပြောင်းလဲသွားခဲ့တယ်။ ဘရိုက်တန်ကလည်း ကျွန်တော်တို့အသင်းကို ပြသာနာတွေ စပေးလာခဲ့ပါတယ်။ ကျွန်တော်လည်း တကယ့်ကို မာမာထန်ထန် နောက်ခံလူ(၃)ယောက်နဲ့ ရင်ဆိုင်ခဲ့ရတယ်။ ဒါမျိုးကို ဂျာမနီမှာတုန်းက မရင်ဆိုင်ခဲ့ရဖူးဘူး။ ဒီမှာကစားရတာကို အရမ်းပျော်ရွှင်ပါတယ်။ ဒီပွဲကတော့ ကျွန်တော်အတွက်ရော ကျွန်တော့်အသင်းအတွက်ပါ တာထွက်ကောင်းခဲ့တယ်လို့ပဲ ကျွန်တော်ယူဆပါတယ်။ ဘရိုက်တန်ကလည်း ပွဲအစကနေ အရမ်းကောင်းအောင် ကစားသွားခဲ့ပြီးတော့ ကျွန်တော်တို့အသင်းကို ဖိအားကောင်းကောင်းပေးနိုင်ခဲ့တယ်။ ရှေ့လာမယ့်ပွဲကတော့ လီဗာပူးလ်အသင်းနဲ့ဆိုတော့ ကျွန်တော်တို့အတွက် ပိုလို့တောင် ခက်ခဲရနိုင်ပါတယ်။ အခု ဘရိုက်တန်ပွဲမှာတော့ ကျွန်တော်ရဲ့အကောင်းဆုံးစွမ်းရည်တွေနဲ့အတူ အသင်းကို နိုင်ပွဲရဖို့အတွက် ကူညီပေးနိုင်ခဲ့ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။