MySport Myanmar

တူဟယ်လ်ရဲ့ နည်းစနစ်တွေက သူ့အတွက် အဆင်မပြေဘူးလို့ ဗာနာ ထုတ်ဖော်ပြောဆို

ချယ်လ်ဆီးကနေ အသင်းဟောင်း လိုက်ပ်ဇစ်အသင်းဆီကို ပြန်လည် ပြောင်းရွှေ့သွားခဲ့တဲ့ ဂျာမနီ တိုက်စစ်ကစားသမား တီမိုဗာနာက ချယ်လ်ဆီးမှာ ပါဝင်ခဲ့စဉ် အသင်းနည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ နည်းစနစ်တွေက သူ့အတွက် အဆင်မပြေခဲ့ကြောင်းနဲ့ ပွဲကစားခွင့် နည်းပါးခြင်းတွေကြောင့် အသင်းပြောင်းဖို့ အကြောင်းဖန်လာခဲ့ရတာဖြစ်ကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့ပါတယ်။

Photo Credit : Daily Mail

ဂျာမနီလက်ရွေးစင် တိုက်စစ်မှူး ဗာနာဟာ ၂၀၂၀ခုနှစ်ကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီ စာချုပ်လျော်ကြေးဖြစ်တဲ့ ပေါင်(၄၇.၅)သန်းနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းမှာ (၂)ရာသီ ဖြတ်သန်းပြီးနောက် ပွဲပေါင်း (၈၉)ပွဲ ကစားခဲ့ကာ (၂၃)ဂိုးပဲ သွင်းယူနိုင်ခဲ့ပေမယ့် ချယ်လ်ဆီးကစားသမားဘဝ ပထမဆုံးရာသီမှာပဲ အသင်းနဲ့ ချန်ပီယံလိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ပွဲဦးထွက်ရာသီက ပရီးမီးယားလိဂ်မှာ (၃၅)ပွဲအထိ ပါဝင်ခဲ့ရတဲ့ ဗာနာဟာ မနှစ်က ဘောလုံးရာသီမှာတော့ (၂၁)ပွဲသာ ကစားခဲ့ရသလို သူရဲ့ လိဂ်သွင်းဂိုးကလည်း (၄)ဂိုးသာ ရှိခဲ့ရပြီးနောက် ၂၀၂၂-၂၃ ဘောလုံးရာသီသစ် မစတင်ခင်မှာပဲ အသင်းဟောင်း လိုက်ပ်ဇစ်အသင်းဆီ ပေါင်(၂၅.၃)သန်းနဲ့ ပြန်လည် ပြောင်းရွှေ့ခဲ့ရပါတယ်။

Photo Credit : Daily Mail

ချယ်လ်ဆီးအသင်းနဲ့ လက်တွဲဖြုတ်ပြီး အသင်းဟောင်းဆီ ပြန်လည် ပြောင်းရွှေ့ခဲ့ရတဲ့အကြောင်းကို ဗာနာက ” ကျွန်တော့်အတွက်ကတော့ ဘောလုံးကစားနေရတာက ပျော်ရွှင်မှုတစ်ခုပါပဲ။ ချယ်လ်ဆီးမှာ ကျွန်တော် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေ ရရှိခဲ့ပေမယ့် ကျွန်တော် ပုံမှန်ကစားခွင့် မရတော့တဲ့အခါမှာတော့ ပျော်ရွှင်မှုတွေက အနည်းငယ်ချင်းစီ ဆုံးရှုံးလာခဲ့ရတယ်။ နည်းပြရဲ့ ကစားပုံစနစ်က ကျွန်တော့်အတွက် လုံးဝ အဆင်မပြေဘူးလို့ ထင်ပါတယ်။ ဒါကြောင့် ကျွန်တော် ခြေလှမ်းသစ်တစ်ခု လှမ်းဖို့ လိုအပ်နေပြီဆိုတာ သိသာထင်ရှားပါတယ်။ ကျွန်တော်က ကျွန်တော် အတတ်နိုင်ဆုံး အစွမ်းကုန် ပါဝင်ကစားချင်နေတဲ့ အသက်အရွယ်မျိုးမှာ ရှိနေတာပါ” လို့ ရှင်းလင်းပြောကြားသွားခဲ့ပါတယ်။ အသက်(၂၆)နှစ်အရွယ် တိုက်စစ်ကစားသမား ဗာနာဟာ ချယ်လ်ဆီးကနေ ထွက်ခွာခဲ့ရပေမယ့်လည်း ချယ်လ်ဆီးက သူ့အတွက် အထူးစပယ်ရှယ် ကလပ်အသင်းတစ်သင်းဖြစ်ပြီး သူ့ကစားသမားဘဝတစ်လျှောက် ကြီးကျယ်ခမ်းနားတဲ့ အောင်မြင်မှုတွေဟာလည်း ချယ်လ်ဆီးမှာ ကစားခဲ့စဉ် ရရှိခဲ့တာဖြစ်လို့ ဒီအရာတွေကို မေ့သွားမှာ မဟုတ်ကြောင်းကိုပါ ပြောဆိုခဲ့ပါတယ်။ ဗာနာအနေနဲ့ ချယ်လ်ဆီးမှာ နေရာဆက်ပျောက်နေရမယ်ဆိုရင် ၂၀၂၂ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဂျာမနီအသင်းအတွက် ပါဝင်ကစားခွင့် နည်းလာရနိုင်တာကြောင့် ရာသီသစ် မစတင်ခင်မှာပဲ အသင်းဟောင်း ပြန်ပြောင်းခဲ့ရတာဖြစ်ပြီး အသင်းဟောင်းနဲ့ ပွဲဦးထွက်မှာပဲ သွင်းဂိုးတစ်ဂိုးကို လှလှပပ သွင်းယူနိုင်ခဲ့ပါတယ်။

Exit mobile version