ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ တိုက်စစ်မှူးဖြစ်သူ တီမိုဗာနာက ယခု နွေဈေးကွက် အတွင်းမှာ သူ့ရဲ့ အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ လုပ်ခလစာ လျှော့ယူရန် ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ပလက်တန်ဘက်ခ်က အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

အသက် ၂၆နှစ် အရွယ် ဂျာမဏီ လက်ရွေးစင် တိုက်စစ်မှူး တီမိုဗာနာဟာ ၂၀၂၀ခုနှစ်ကမှ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးသူလည်း ဖြစ်ပါတယ်။

Photo Credit: Daily Star

ဒါပေမယ့် တီမိုဗာနာက ချယ်လ်ဆီးမှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရမှုအား စိတ်ပျက်နေပြီး လာမယ့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမဏီအသင်း အတွက် ရွေးချယ်ခံရဖို့ ယခု နွေဈေးကွက် အတွင်းမှာ ပုံမှန် ပွဲထွက်ခွင့်ရမယ့် အသင်းတသင်းဆီ ပြောင်းရွှေ့ချင်နေကာ အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်ရဖို့ဟာ သူ့ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

တဖက်မှာလည်း လိုက်ပ်ဇစ်က သူတို့အသင်းရဲ့ တိုက်စစ်မှူးဟောင်း တီမိုဗာနာကို ပြန်လည် ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး လိုက်ပ်ဇစ်က တီမိုဗာနာရဲ့ အပြောင်းအရွှေ့ အတွက် ချယ်လ်ဆီးနဲ့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်နေကာ တီမိုဗာနာကို အငှား (သို့) အပြီးသတ် ပြန်လည် ခေါ်ယူဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။

Photo Credit: Daily Star

ဘွန်ဒက်လီဂါရဲ့ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် ယုံကြည် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ခ်ကလည်း လိုက်ပ်ဇစ်နဲ့ တီမိုဗာနာတို့ကြားမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်းကို ထပ်ဆင့် အတည်ပြုပေးထားပြီး တီမိုဗာနာက လိုက်ပ်ဇစ်ဆီ ပြန်လည် ပြောင်းရွှေ့နိုင်ဖို့ သူ့ရဲ့ လုပ်ခလစာကို ရာခိုင်နှုန်း အတော်များများ လျှော့ယူရန်ပါ ဆုံးဖြတ်ထားကြောင်း သိရပါတယ်။