ပြီးခဲ့တဲ့ နွေရာသီကမှ ဘာစီလိုနာအသင်းနဲ့ နွေရာသီလမ်းခွဲ ဇာတ်သိမ်းထားခဲ့ရတဲ့ လီယွန်နယ်မက်ဆီဟာ သူရဲ့ကစားသမားဘဝကို ပြင်သစ်လီဂူးကလပ် ပီအက်စ်ဂျီအသင်းမှာ ဆက်လက်ဖြတ်သန်းနေရပေမယ့် အသင်းဟောင်း ဘာစီလိုနာကို ပြန်သွားလိမ့်မယ်ဆိုပြီး သတင်းတွေ အချိန်တိုင်းတိုင်းလို ထွက်ပေါ်နေချိန်မှာ ဘာစီလိုနာအသင်း ဥက္ကဌဖြစ်သူ လာပေါ်တာက သူတို့ရဲ့ ဂန္တဝင်ကစားသမားဟောင်း မက်ဆီကို ပြန်လည်ခေါ်ယူသွားဖို့ စဉ်းစားထားခြင်း မရှိဘူးလို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Sky Sports

ဘာစီလိုနာအသင်းရဲ့ လူငယ်အကယ်ဒမီဖြစ်တဲ့ လာမာစီယာကနေ ပေါ်ထွက်လာခဲ့ပြီး အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့တဲ့ GOAT ကြီး မက်ဆီဟာ ၂၀၂၁-၂၀၂၂ ဘောလုံးရာသီ နွေစျေးကွက်မှာတော့ စာချုပ်သစ်ကိစ္စ အဆင်မပြေနိုင်မှုကြောင့် ဘာစီလိုနာနဲ့ လမ်းခွဲခဲ့ရပြီး ပီအက်စ်ဂျီအသင်းဆီ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ရပါတယ်။ မက်ဆီဟာ ပီအက်စ်ဂျီအသင်းအတွက် ချန်ပီယံလိဂ်မှာ သွင်းဂိုး (၅)ဂိုး သွင်းယူပြီး လီဂူးမှာ (၁၁)ဂိုးထိ ဂိုးဖန်တီးထားနိုင်ပေမယ့်လည်း သူရဲ့လီဂူးသွင်းဂိုးက (၁၈)ပွဲအတွင်းမှာတောင် (၂)ဂိုးသာ ရှိခဲ့ရသလို အသင်းကိုပါ ချန်ပီယံလိဂ်မှာ (၁၆)သင်းအဆင့်နဲ့ ကျေနပ်စေခဲ့ရလို့ အသင်းပရိသတ်တွေက မက်ဆီနဲ့ သူ့အသင်းဖော် နေမာကိုပါ ပွဲအတွင်း အော်ဟစ်လှောင်ပြောင်မှုတွေ ပြုလုပ်လာခဲ့ကြတာ ဖြစ်ပါတယ်။

Photo Credit : SINDOnews

ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ မက်ဆီဟာ သူရဲ့အသင်းဟောင်း ဘာစီလိုနာနဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်ခဲဲ့့အပေါ် ဘာစီလိုနာအသင်းဥက္ကဌ လာပေါ်တာက ပြန်လည်ရှင်းလင်းမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။ လာပေါ်တာက “ဘာစီလိုနာအသင်းဆီ မက်ဆီ ပြန်လာနိုင်မယ့် ကိစ္စနဲ့ ပတ်သက်ပြီး မက်ဆီဘက်ကနေ ဘာသတင်းမှကို မရရှိထားပါဘူး။ ဒီနေ့အထိ ကျွန်တော်တို့ဘက်ကနေ ဒီကိစ္စကို ပိုပြီး စိတ်ဝင်စားစရာ ဖြစ်လာအောင် လုပ်ဆောင်သွားမှာ မဟုတ်ဘူး။ ကျွန်တော်နဲ့ မက်ဆီတို့ကြားမှာလည်း သူ ဒီအသင်းမှာ ရှိနေစဉ်တုန်းကလို ချောမွေ့တဲ့ ဆက်ဆံရေးမျိုး ရှိမနေတော့ပါဘူး။ သူ ဒီကနေ ထွက်ခွာသွားမှုဟာ ကိုယ်ရေးကိုယ်တာနဲ့ မိသားစုအကြောင်းတွေကြောင့်ဖြစ်လို့ ပိုပြီး စိတ်မကောင်းဖြစ်လိုနီးပါးပါပဲ။ မက်ဆီ ပြန်လာဖို့အတွက်ကိုတော့ ကျွန်တော်တို့ မစဉ်းစားပါဘူး။ ကျွန်တော်တို့က လူငယ်ကစားသမားတွေ အတွေ့အကြုံရှိတဲ့ ကစားသမားတွေနဲ့ အသင်းသစ်တစ်သင်းကို တည်ဆောက်နေတာပါ။ ဒါကလည်း အလုပ်ဖြစ်နေပါတယ်။ ဒါပေမယ့် လီယိုက လီယိုပါပဲ။ သူက အမြဲတမ်း အနိုင်ရနေတဲ့သူပါ။ ကျွန်တော့်အတွက်ကတော့ သူ့ကို ထွက်ခွာခွင့်ပြုခဲ့ရတာက မလွယ်ကူခဲ့ပါဘူး။ ဒါပေမယ့် ဖြစ်ပျက်ခဲ့သလို အသင်းရဲ့ ဘဏ္ဍာရေးအကြောင်း တွေးခဲ့ရချိန်မှာ ဒီအပေါ်မှာ ပိုပြီးမစွန့်စားနိုင်ခဲ့ဘူး။ လုပ်သင့်တာကိုပဲ လုပ်ခဲ့တယ်လို့ ကျွန်တော် ထင်မိပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။