မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ အိုလေဂန်နာဆိုးလ်ရှားက ဒီနှစ်ဘောလုံးရာသီအကုန်မှာ ယူနိုက်တက်နဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမား အက်ဒီဆင်ကာဗာနီရဲ့ အနာဂတ်နဲ့ပတ်သက်ပြီး သက်တမ်းတိုးဖို့အရေးအတွက် ကစားသမားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေကို လုပ်ဆောင်လျက်ရှိနေကာ စာချုပ်သက်တမ်းတိုးနိုင်မယ့် ကိစ္စရပ်ဟာလည်း အခြေအနေကောင်းနေတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

အသက်(၃၄)နှစ်အရွှယ်ရှိ ဥရုဂွေးလက်ရွေးစင် ဝါရင့်တိုက်စစ်ကစားသမားကြီး ကာဗာနီဟာ ပြီးခဲ့တဲ့နွေစျေးကွက်အတွင်းကမှ ယူနိုက်တက်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံ(၂၅)ပွဲ ပါဝင်ကစားထားခဲ့ရာ သွင်းဂိုး(၇)ဂိုး သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ်လည်း ပြုလုပ်ထားခဲ့ပါတယ်။ ကာဗာနီဟာ အသင်းကို တစ်နှစ်စာချုပ် ရောက်လာခဲ့တာဖြစ်ပေမယ့်လည်း စာချုပ်ထဲမှာ ထပ်တိုးတစ်နှစ် ချုပ်ဆိုထားခဲ့သလို ကာဗာနီကိုယ်တိုင်ကလည်း အသင်းအတွက် အကောင်းဆုံး ကြိုးစားကစားပေးနေတဲ့ ကာဗာနီကို ယူနိုက်တက်နည်းပြ ဆိုးလ်ရှားကိုယ်တိုင်က သဘောကျ နှစ်သက်နေတာဖြစ်ပြီး သက်တမ်းတိုးချင်နေတာလည်းဖြစ်ပါတယ်။

Photo Credit : Daily Express

ကာဗာနီကို သက်တမ်းတိုးမယ့် ကိစ္စရပ်နဲ့ပတ်သက်ပြီး နည်းပြဆိုးလ်ရှားက “ကျွန်တော်တို့တွေ အက်ဒီနဲ့ စကားပြောဆို ဆွေးနွေးဖြစ်နေပါတယ်။ အက်ဒီဆင်ဟာ တကယ့်ကို ထိပ်တန်းတိုက်စစ်မှူးတစ်ယောက်ပါ။ သူဘက်က ဘာကိုပဲဖြစ်ဖြစ် ဆုံးဖြတ်ချက်ချလို့ရပါတယ်။ ဘာတွေဖြစ်လာဦးမလဲဆိုတာတော့ စောင့်ကြည့်ရမှာပါ။ သူနဲ့ စကားပြောဆိုမှုကတော့ အတော်လေးကို အဆင်ပြေပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းအတွက် ယှဉ်ပြိုင်လိုစိတ်ရှိတဲ့ ကစားသမားမျိုးကို အလိုရှိတာဖြစ်သလို အသင်းအတွက် သွင်းဂိုးတွေ ရယူပေးနိုင်မယ့် တိုက်စစ်မှူးမျိုးကို အလိုရှိပါတယ်။ ဒါကြောင့် ဘယ်လိုတွေ ဆက်လုပ်သွားရမလဲဆိုတာကို စောင့်ကြည့်ရမှာပါ” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ကာဗာနီဟာ ယူနိုက်တက်အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ ရှိနေပေမယ့်လည်း အာဂျင်တီးနား ထိပ်သီးကလပ် ဘိုကာဂျူနီယာအသင်းနဲ့လည်း အပြောင်းအရွှေ့ကောလဟာလတွေ ထွက်ပေါ်နေသလို ကစားသမားရဲ့ဖခင်ကပါ သူရဲ့သားအနေနဲ့ အင်္ဂလန်နိုင်ငံရဲ့ ရာသီဥတုအခြေအနေကို မနှစ်သက်တာကြောင့် မန်ချက်စတာကနေ ထွက်ခွာပြီး တောင်အမေရိကဆီကိုသာ ပြန်သွားဖွယ်ရှိနေတယ်လို့ ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။