ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြတဦး ဖြစ်သူ အာစင်ဝင်းဂါးကတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့ရဲ့ ပစ်မှတ် တိုက်စစ်မှူး ဖြစ်သူ နူနက်ဇ်ဟာ ပရီးမီးယားလိဂ်မှာ အသားကျပြီး ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နိုင်ရကြောင်း ဟောကိန်းထုတ် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် ဥရုဂွေး လက်ရွေးစင် တိုက်စစ်မှူး ဒါဝင် နူနက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာနဲ့အတူ စတင် တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ အရပ်အမောင်း အားသာချက်နဲ့ အမြင့်ဘောတွေကို အပိုင်နိုင်ဆုံး အသုံးချတတ်တဲ့ စွမ်းရည်တို့ကြောင့် အထောင်တိုက်စစ်မှူး လိုအပ်ချက် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူးတို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Metro

နူနက်ဇ်က ယခုနှစ် ဘောလုံးရာသီမှာ ဘင်ဖီကာအတွက် ပြိုင်ပွဲစုံ ၄၁ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၃၄ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်ကာ ဘင်ဖီကာကတော့ နူနက်ဇ်ကို ခေါ်ချင်တဲ့ အသင်းတွေ အနေနဲ့ အနိမ့်ဆုံး ပြောင်းရွှေ့ကြေး ယူရို ၆၅သန်း ပေးချေရမယ်လို့ ဈေးခေါ်ထားပါတယ်။

ဘောလုံးလောကရဲ့ ဩဇာအကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲက တဦး ဖြစ်သလို နည်းပြတဦး အဖြစ် လုပ်ကိုင်ခဲ့စဉ်ကလည်း ရွက်ပုန်းသီး ကစားသမား အများအပြားကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အာစင်ဝင်းဂါးက သူဟာ နူနက်ဇ်ရဲ့ အရည်အသွေးတွေကို သဘောကျပေမယ့် နူနက်ဇ်က ပရီးမီးယားလိဂ်မှာ ကစားနိုင်တဲ့ လျင်မြန်မှုမျိုးကို မပိုင်ဆိုင်ထားကြောင်း သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Metro

အာစင်ဝင်းဂါးက – “ကျွန်တော်တို့တွေက နူနက်ဇ်ရဲ့ အကြောင်းကို လီဗာပူးနဲ့ ဘင်ဖီကာတို့ ကစားခဲ့တဲ့ ပွဲမတိုင်ခင်မှာပဲ ပြောဖြစ်ခဲ့ကြပါတယ်။ ကျွန်တော်တို့က သူ့ရဲ့ ကြံ့ခိုင်မှုနဲ့ လျင်မြန်တဲ့ ပေါ်တူဂီလိဂ်မှာ ခြေစွမ်းကောင်းတွေ ပြသထားနိုင်တာကြောင့် သူဟာ ပရီးမီးယားလိဂ်နဲ့ အံဝင်နိုင်တဲ့ ကစားသမားလို့ တွေးခဲ့ကြပေမယ့် သူက ရုတ်တရတ် ဆိုသလိုပဲ ဗန်ဒိုက်နဲ့ ကိုနာတေးတို့ရဲ့ ကြံ့ခိုင်မှုနဲ့ လျင်မြန်မှုကို မယှဉ်နိုင်ခဲ့ပါဘူး။ ဒါကြောင့် သူက ပရီးမီးယားလိဂ်နဲ့ အံဝင်ဖို့ ခက်လိမ့်မယ်လို့ မြင်ပါတယ်” ဆိုပြီး အသေးစိတ်ကျကျ သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။