ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ကတော့ လက်ရှိအချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ၅ကြိမ်တိုင်တိုင် ရယူထားနိုင်သလို ဘောလုံးသမိုင်း တလျှောက် အကောင်းဆုံး ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ သူ့ရဲ့ လက်အောက်မှာ ကစားခွင့် ရဖို့ နီးစပ်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဂျူဗင်တပ်အသင်း ကနေ သူ့ရဲ့ ကစားသမားဘဝ ပထမဦးဆုံး အောင်မြင်မှုတွေ ရရှိခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည် ပြောင်းရွှေ့လာခဲ့သူပါ။

Photo Credit: Goal

ရိုနယ်ဒိုဟာ ၂၀၀၃ခုနှစ်မှာ ပေါ်တူဂီကလပ် စပို့တင်း လစ္စဘွန်းအသင်း ကနေ မန်ချက်စတာ ယူနိုက်တက် အသင်းထံ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူ့အတွက် ပထမဦးဆုံး ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိပြီးတဲ့နောက် ၂၀၀၉ခုနှစ်မှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ရီးရဲလ်မက်ဒရစ် အသင်းထံ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ ဂန္တဝင် နည်းပြကြီး အာဆင်ဝင်းဂါး ကတော့ တချိန်မှာ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်လာမယ့် ရိုနယ်ဒိုဟာ ၂၀၀၃ခုနှစ်မှာ မန်ချက်စတာ ယူနိုက်တက်အသင်းထံ မပြောင်းရွှေ့မီ သူ ကိုင်တွယ်နေတဲ့ အာဆင်နယ်အသင်းထံ ရောက်ရှိဖို့ နီးစပ်ခဲ့ပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆာအဲလက်စ် ဖာဂူဆန်က များပြားလှတဲ့ ပြောင်းရွှေ့ကြေးတွေ ပေးချေကာ ခေါ်ယူခဲ့တာကြောင့်သာ ရိုနယ်ဒိုဟာ ယူနိုက်တက်ထံ ရောက်ရှိခဲ့တာ ဖြစ်ကြောင်း ဖြစ်စဉ် အသေးစိတ်ကို ပြန်ပြောင်း ပြောပြခဲ့ပါတယ်။

Photo Credit: Goal

ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ နီးစပ်ခဲ့ကြောင်းကို အာဆင်ဝင်းဂါးက – “သူ(ရိုနယ်ဒို)က ကျွန်တော်တို့ရဲ့ လေ့ကျင့်ရေးကွင်းကို ရောက်ခဲ့သလို အာဆင်နယ်အသင်းရဲ့ ဝတ်စုံကိုတောင် ဝတ်ခဲ့ပါသေးတယ်။ ဒါပေမယ့် ကျွန်တော်တို့က သူ့အတွက် ယူရို ၄သန်းသာ ပေးနိုင်ခဲ့ပါတယ်။ ဆာအဲလက်စ် ကတော့ သူ့ကို ကျွန်တော့်ဆီ ကနေ ဖြတ်ခုတ်ခဲ့တာပါ။ ပြီးတော့ သူတို့က သူ့အတွက် ယူရို ၁၂သန်း ပေးခဲ့ပါတယ်” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။