ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြဟောင်း ဖြစ်သလို လက်ရှိမှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာရဲ့ အကြီးအကဲ တဦး အဖြစ် တာဝန် ထမ်းဆောင်နေတဲ့ အာဆင်ဝင်းဂါးက ယခု နွေဈေးကွက် အတွင်းမှာ ကောင်းမွန်တဲ့ အင်အားဖြည့်တင်းမှုတွေ လုပ်ဆောင်ထားနိုင်တဲ့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ အခိုင်အမာ ဆိုလာပါတယ်။

အာဆင်ဝင်းဂါးရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားကို အချိန်ကြာမြင့်စွာ ဦးဆောင်နိုင်ခဲ့တဲ့ အသင်း ဖြစ်ပြီး ရာသီကုန်ခါနီးမှာ အဓိက ကစားသမား တချို့ ဒဏ်ရာရသွားတာကြောင့် ကစားပုံ ယိမ်းယိုင်ကာ ရလဒ်တွေ ဆိုးရွားသွားတာကြောင့်သာ ချန်ပီယံဆုကို လက်လွှတ်ခဲ့ရတာပဲ ဖြစ်ပါတယ်။

Photo Credit: Team Talk

ဒါကြောင့်ပဲ အာတီတာနဲ့ အာဆင်နယ်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ လက်လွှတ်ခဲ့ရတဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို လာမယ့် ဘောလုံးရာသီသစ်မှာ ပြန်လည် ရယူနိုင်ဖို့ အတွက် ယခု နွေဈေးကွက် အတွင်းမှာ အသင်းကို အကောင်းဆုံး အင်အားဖြည့်တင်းဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

လက်ရှိမှာတော့ အာဆင်နယ်က တိုက်စစ်ပိုင်း အတွက် ကိုင် ဟားဗက်ဇ် ၊ ခံစစ်ပိုင်း အတွက် တင်းဘားနဲ့ ကွင်းလယ်ပိုင်း အတွက် ဒီကလန်ရိုက်စ်တို့လို ထိပ်တန်း ကစားသမားတွေကို ပြောင်းရွှေ့ကြေး ယူရို ၂၁၅သန်း အထိ အသုံးပြုကာ ခေါ်ယူခဲ့ပါတယ်။

Photo Credit: Mirror

ကိုင် ဟားဗက်ဇ် ၊ တင်းဘားနဲ့ ဒီကလန်ရိုက်စ်တို့လို ထိပ်တန်း ကစားသမားတွေ ရောက်လာတာကြောင့် အာဆင်နယ်ရဲ့ ကစားသမား အင်အားက အတော်လေးကို တောင့်တင်းသွားပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူ အများစုက အာဆင်နယ်ဟာ လာမယ့် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ခြိမ်းခြောက်နိုင်လိမ့်မယ်လို့ သုံးသပ်ထားကြကာ အာဆင်ဝင်းဂါးကတော့ သူ့ရဲ့ အာဆင်နယ်ဟာ ရာသီသစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ရဲရဲကြီး ဟောကိန်း ထုတ်သွားခဲ့ပါတယ်။

အာဆင်ဝင်းဂါးက – “ကျွန်တော်ကတော့ လာမယ့်ရာသီမှာ အာဆင်နယ်က ပရီးမီးယားလိဂ် ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်ပါတယ်။ အာဆင်နယ်က ချန်ပီယံ ဖြစ်ဖို့ သေချာနေပါပြီ” လို့ ပြင်သစ်နိုင်ငံမှာ ရောက်နေစဉ် ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။