MySport Myanmar

အာဆင်နယ်က ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်မယ်လို့ ရဲရဲကြီး ပြောလာတဲ့ အာစင်ဝင်းဂါး

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ဒီရာသီမှာ ပရီးမီးယားလိဂ်ရဲ့ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ရဲရဲကြီး ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ တောက်လျှောက် ရယူထားနိုင်ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို ရောက်ရှိနေသလို လက်ရှိ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ ချန်ပီယံဆုကို အပြိုင် လုနေရပါတယ်။

Photo Credit: Team Talk

လက်ရှိမှာတော့ အာဆင်နယ်က မန်ချက်စတာ စီးတီးထက် ၁ပွဲပို ကစားထားပြီး ရမှတ် ၄မှတ် အသာရနေကာ လက်ကျန် ၇ပွဲမှာသာ နိုင်ပွဲတွေ ဆက်ခဲ့ရင် ချန်ပီယံဆုကို ရယူနိုင်မှာပါ။ အာဆင်နယ်က လက်ကျန် ၇ပွဲမှာ မန်ချက်စတာ စီးတီး ၊ နယူးကာဆယ် ၊ ဘရိုက်တန် ၊ ချယ်လ်ဆီး ၊ နော်တင်ဟမ် ဖောရက်စ် ၊ ဝုလ်ဗ် ၊ ဆောက်သမ်တန် စတဲ့ အသင်းတွေနဲ့ ရင်ဆိုင် ကစားရမှာ ဖြစ်ပြီး အဆိုပါ ၇ပွဲမှာ ရမှတ် ၂၀မှတ် အထိ စုဆောင်းနိုင်ခဲ့ရင် ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်မှာပဲ ဖြစ်ပါတယ်။

ဒါပေမယ့် အာဆင်နယ်က နောက်ဆုံး ၂ပွဲဆက် သရေကျမှုနဲ့အတူ ခြေစွမ်းပိုင်း ယိမ်းယိုင်မှုတွေ ရှိလာခဲ့ပြီး ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးကို နောက်ကောက်ချကာ ချန်ပီယံဆုကို ရယူနိုင်ဖို့ မလွယ်တော့ကြောင်း သုံးသပ်ထားကြပါတယ်။

Photo Credit: Sky Sports

အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးကတော့ အဆိုပါ သုံးသပ်ချက်တွေကို လက်မခံပဲ အာဆင်နယ်ဟာ လက်ရှိမှာ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တာကြောင့် အာဆင်နယ်ကပဲ ပရီးမီးယားလိဂ် ချန်ပီယံဆုကို သိမ်းပိုက်သွားနိုင်မယ်လို့ ယူဆနေပါတယ်။

အာစင်ဝင်းဂါးက – “အာဆင်နယ်ရဲ့ ကစားသမားတွေက ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်တဲ့ အနေအထားမျိုးဆီ တခါမှ မရောက်ဖူးကြပါဘူး။ ကျွန်တော်ကတော့ သူတို့တွေ ဒီနှစ်မှာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ဖို့နဲ့ လာမယ့်နှစ်မှာ ဒီထက် ပိုလွယ်တဲ့ အနေအထားမျိုးနဲ့ ချန်ပီယံဆုကို ရယူနိုင်ဖို့ မျှော်လင့်ထားပါတယ်။ လောလောဆယ် သူတို့က ချန်ပီယံဆုကို တခါမှ မရဖူးသေးတော့ ချန်ပီယံလုပွဲထဲ ရောက်နေချိန်မှာ ဖိအားတွေ ခံစားနေရပုံပါပဲ။ ချန်ပီယံလုပွဲထဲ ရောက်လာချိန်မှာ ကလေးတွေက ဘယ်လို ကစားရမလဲ ဆိုတာထက် ဘယ်လိုအနိုင်ယူရမလဲ ဆိုတာကိုပဲ ခေါင်းထဲမှာ တွေးနေကြတော့တာပါ။ ကျွန်တော်တို့ ခေတ်တုန်းကလည်း ဒီလိုပါပဲ။ ကျွန်တော်ကတော့ အာဆင်နယ်ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်လိမ့်မယ်လို့ ယုံကြည်နေဆဲပါ။ သူတို့က အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်ဆဲ ဖြစ်သလို လက်ကျန်ပွဲတွေ အကုန်လုံးကိုသာ အနိုင်ရခဲ့မယ် ဆိုရင် ချန်ပီယံ ဖြစ်မှာပါ။ အခွင့်အရေးက သူတို့ရဲ့ လက်ထဲမှာ ရှိနေဆဲပါပဲ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

Exit mobile version