အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် နည်းပြတဦး အဖြစ် သတ်မှတ်ခံထားရတဲ့ အာဆင်နယ်အသင်းရဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါး ကတော့ ယခုနှစ် နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက် အသင်းက သူတို့ရဲ့ ကစားသမားဟောင်း ရိုနယ်ဒိုကို ပြန်ခေါ်ခဲ့တဲ့ ဆုံးဖြတ်ချက်ဟာ ကျိုးကြောင်း ဆီလျော်တဲ့ ဆုံးဖြတ်ချက် မဟုတ်ဘူးလို့ ဝေဖန်သွားခဲ့ပါတယ်။

အာဆင်နယ်အသင်းရဲ့ အစဉ်အလာ ပြိုင်ဘက် ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ ကစားသမားဟောင်း ဖြစ်သူ ခရစ္စတီယာနို ရိုနယ်ဒိုကို ဂျူဗင်တပ်အသင်း ကနေ ပြောင်းရွှေ့ကြေး ယူရို ၁၅သန်း + အပိုဆုကြေး ယူရို ၈သန်းနဲ့ ပြန်လည် ခေါ်ယူခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုကို ၂နှစ် + ၁နှစ် ဆိုတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

Photo Credit: The Athletic

အသက် ၃၆နှစ် အရွယ် ပေါ်တူဂီ ဝါရင့် တိုက်စစ်မှူးကြီး ခရစ္စတီယာနို ရိုနယ်ဒိုဟာ ကစားသမားဘဝ နောက်ဆုံးအချိန် အပိုင်းအခြားကို ရောက်ရှိနေသူ ဖြစ်ပေမယ့် လက်ရှိအချိန်အထိ ထိပ်တန်း တိုက်စစ်မှူး တဦး အဖြစ် ခြေစွမ်းပြနိုင်ဆဲ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ရိုနယ်ဒိုကို ပြန်လည် ခေါ်ယူခဲ့မှုဟာ ကောင်းမွန်တဲ့ အပြောင်းအရွှေ့ တခု ဖြစ်ကြောင်း ချီးကျူးသံတွေ ဝေနေခဲ့ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းကို ကိုင်တွယ်စဉ်က ရိုနယ်ဒိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးတဲ့ အာဆင်ဝင်းဂါး ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ရိုနယ်ဒို ပြန်ရောက်လာတာဟာ ကောင်းမွန်တဲ့ ဇာတ်လမ်းတခု ဖြစ်ပေမယ့် ကျိုးကြောင်း ဆီလျော်မှု မရှိတဲ့ လုပ်ရပ်တခု ဖြစ်ကြောင်း ဝေဖန်ခဲ့ပါတယ်။

Photo Credit: The Athletic

အာဆင်ဝင်းဂါးက – “ဒီအပြောင်းအရွှေ့က ခင်ဗျားတို့တွေ မြင်ချင်နေကြတဲ့ ချစ်စရာ ဇာတ်လမ်းကောင်း တခုပါ။ သူ့ကို ပြန်ခေါ်ခဲ့တာက အားကစားဆိုင်ရာ လှုပ်ရှားမှု တခုထက် ပိုနေပြီး ဒီနောက်ကွယ်မှာ ခံစားချက်တွေပါ ရှိနေပါသေးတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ ဒီဆုံးဖြတ်ချက်ဟာ ၁၀၀ ရာခိုင်နှုန်း ကျိုးကြောင်း ဆီလျော်တယ်လို့ မထင်ပါဘူး။ ရိုနယ်ဒို ရောက်လာတဲ့ အတွက် အသင်းတွင်းမှာ ဟန်ချက်ညီမှု တခုကို ရှာဖွေနိုင်ဖို့ဟာ အတော်လေးကို ကြီးမားတဲ့ စိန်ခေါ်မှု ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် ရိုနယ်ဒိုဟာ အတွေ့အကြုံများပြီး သွင်းဂိုးတွေ အတွက် အာမခံချက် ပေးနိုင်တဲ့ ကစားသမားတဦး ဖြစ်နေဆဲပါ” လို့ ပြောကြားခဲ့တာပါ။