ဝါရင့်နည်းပြကြီး တစ်ဦး ဖြစ်သလို ဘောလုံးလောကရဲ့ ဩဇာ အကြီးမားဆုံး ပုဂ္ဂိုလ်တွေထဲမှာ တစ်ဦး အပါအဝင် ဖြစ်တဲ့ အာစင်ဝင်းဂါး ကတော့ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာသာ ပီအက်စ်ဂျီအသင်း က ဘာစီလိုနာ အသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ မက်ဆီကို ခေါ်ယူခဲ့ပါက အသင်းတွင်း ဟန်ချက်ဟာ ပျက်ပြား သွားနိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ စပိန် လာလီဂါ အင်အားကြီး အသင်းဖြစ်တဲ့ ဘာစီလိုနာ အသင်းရဲ့ အဓိက ကစားသမား လီယွန်နယ် မက်ဆီဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ဘာစီလိုနာ အသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမှာ ဖြစ်တာကြောင့် အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာခွင့် ရမယ့် ကစားသမား တစ်ဦးလည်း ဖြစ်ပါတယ်။

Photo Credit: Express

ဒါ့ကြောင့် လက်ရှိမှာ မက်ဆီကို ခေါ်ယူဖို့အတွက် နာမည်ကြီး အသင်းတွေက စိတ်ဝင်စား‌ နေကြပြီး အဆိုပါ အသင်းတွေအနက် ပရီးမီးယားလိဂ် ကလပ်တွေ ဖြစ်တဲ့ မန်စီးတီးအသင်းနဲ့ ချယ်လ်ဆီးအသင်း ၊ ပြင်သစ် အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်း တို့က မက်ဆီကို ခေါ်ယူနိုင်ဖို့ ရေပန်းစား နေကြပါတယ်။ နောက်ဆုံး ထွက်ပေါ်ထားတဲ့ သတင်းတွေ အရတော့ ဘာစီလိုနာ အသင်းမှာ မက်ဆီနဲ့ အတူ တွဲဖက်ကာ ချန်ပီယံလိဂ်ဖလား ရယူနိုင်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာဟာ မက်ဆီ တစ်ယောက် ပီအက်စ်ဂျီအသင်းဆီ ရောက်ရှိလာအောင် စည်းရုံးနေသလို မက်ဆီကလည်း ဘာစီလိုနာ အသင်းကနေ ထွက်ခွာရင် ပီအက်စ်ဂျီ အသင်းထံ ပြောင်းရွှေ့ဖို့ စိတ်ဝင်စား‌ နေပါတယ်။

Photo Credit: Express

ဒါပေမယ့် ဝင်းဂါးကတော့ ပီအက်စ်ဂျီအသင်းရဲ့ မက်ဆီကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ ကိစ္စအား ထောက်ခံခြင်း မရှိပဲ မက်ဆီရောက်လာတာက အသင်းတွင်း ဟန်ချက်ကို ပျက်ပြားစေနိုင်ကြောင်း သုံးသပ် ပြောကြား သွားခဲ့ပါတယ်။ အာစင်ဝင်းဂါးက “မက်ဆီက လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား နှစ်ဦး အနက် တစ်ဦးဖြစ်ပါတယ်။ မက်ဆီနဲ့ ရိုနယ်ဒိုတို့ရဲ့ နေရာကို ဆက်ခံနိုင်မယ့် ကစားသမားက ပီအက်စ်ဂျီ အသင်းမှာ ရှိနေပါတယ်။ ဒါပေမယ့် ဒီနေရာမှာ မေးခွန်းတစ်ခု ရှိနေပါတယ်။ မက်ဆီကို ခေါ်ယူပြီးရင် ပီအက်စ်ဂျီ အသင်းမှာ နည်းစနစ်ပိုင်း ဆိုင်ရာ ဟန်ချက်ညီမှုတွေ ရှိဦးမှာလား ၊ ဘဏ္ဏာရေးပိုင်းမှာ‌ရော ဟန်ချက်ညီမှုတွေ ရှိဦးမှာလား။ မက်ဆီလို ကစားသမားမျိုးကို ခေါ်လိုက်ရင် ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ ဘဏ္ဏာရေး ဟန်ချက်ညီမှုကို ထိန်းထားနိုင်မယ်လို့ ခင်ဗျား ထင်လား။ ကျွန်တော် ကတော့ အဲ့ဒီလို မထင်ပါဘူး” လို့ ပြောကြား သွားခဲ့ပါတယ်။