အာဆင်နယ်အသင်းရဲ့ ဂန္တဝင်နည်းပြဟောင်းကြီးဖြစ်တဲ့ အာဆင်ဝင်ဂါးက မနေ့ညက အယ်တီဟတ်ကွင်းအတွင်း ယှဉ်ပြိုင်ခဲ့ကြတဲ့ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ် ဆီမီးဖိုင်နယ်ပွဲစဉ်အတွင်းမှာ ပီအက်စ်ဂျီဘက်က တောင်ပံကစားသမား ဒီမာရီယာ အနီကတ်ပြသပြီး ပွဲကနေ ထုတ်ပယ်ခံခဲ့ရသလို မန်စီးတီးဘက်ကနေလည်း ဝါရင့်ကွင်းလယ်ကစား ဖာနန်ဒင်ဟိုပါ သူရဲ့တမင်တကာဆွပေးတဲ့ အမှုအရာကြောင့် ထုတ်ပယ်ခံခဲ့ရသင့်တယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Football365

မန်ချက်စတာမှာ ကျင်းပသွားခဲ့တဲ့ မန်စီးတီးအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ချန်ပီယံလိဂ်ပွဲစဉ် ဒုတိယပိုင်း ပွဲကစားချိန်အတွင်းမှာ ဒီမာရီယာက ဖာနန်ဒင်ဟိုအပေါ် ကြမ်းတမ်းစွာ ပြုမှုခဲ့တာကြောင့် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲရပြီး ပီအက်စ်ဂျီအသင်းလည်း ကစားသမား(၁၀)ယောက်တည်းနဲ့ လက်ကျန်မိနစ်တွေကို ခက်ခက်ခဲခဲ ရင်ဆိုင်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီဖြစ်စဉ်မှာ ဒီမာရီယာတစ်ယောက်တည်းသာ ထုတ်ပယ်ခံခဲ့ရတာက မဖြစ်သင့်ပဲ ဒီမာရီယာကို ကြမ်းတမ်းစွာပြုမှုစေဖို့ တမင်ဆွပေးခဲ့တဲ့ ဖာနန်ဒင်ဟိုပါ အနီကတ်ပြသခံခဲ့ရသင့်တယ်လို့ အာဆင်ဝင်းဂါးက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Tech-Gate

Bein Sport ရုပ်သံမှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် တာဝန်ယူဆောင်ရွှက်လို့နေတဲ့ နည်းပြဟောင်းကြီး အာဆင်ဝင်းဂါးက “ကျွန်တော်ပြောချင်တာကတော့ ဒီနေ့ညပွဲမှာ ဖာနန်ဒင်ဟို ပြုမှုခဲ့တဲ့ အမှုအယာအပေါ် ကျွန်တော်သဘောမကျမိဘူး ဆိုတာပါပဲ။ ဒါက တမင်လိုက်ဆွနေသလိုပါပဲ။ ဒီမာရီယာက ထုတ်ပယ်ခံရတယ်ဆိုရင် ဖာနန်ဒင်ဟိုလည်း အထုတ်ခံရသင့်တယ်။ ဒါက ကျွန််တော့်အမြင်ပေါ့လေ။ သူက ဒီဖြစ်ရပ်မကြုံခင်ကတည်းက အဝါကတ်တစ်ကတ်လည်း ပြသခံခဲ့ရတာကို။ နောက်ပြီး ဒီမာရီယာရဲ့စိတ်ကို လိုက်ဆွနေခဲ့သေးတယ်။ သူတို့(၂)ယောက်လုံးက ထုတ်ပြခံရသင့်တာပါ” လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် အာဆင်ဝင်းဂါးက ပီအက်စ်ဂျီအသင်းအနေနဲ့ အသင်းရဲ့ခံစစ်ပိုင်းတစ်ခုတည်းသာမဟုတ်ပဲ အသင်းသားတွေရဲ့ စည်းကမ်းလိုက်နာမှုအပိုင်းမှာပါ တိုးတတ်ကောင်းမွန်ဖို့ ကြိုးစားဖို့ လိုနေသေးတယ်လို့ပါ ထောက်ပြသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ပီအက်စ်ဂျီအသင်းဟာ ပြင်သစ်လီဂူးကိုပဲ အပြည့်အဝ အာရုံစိုက်ရတော့မှာဖြစ်ပြီး ရာသီကုန်ဖို့ကလည်း (၃)ပွဲခန့်သာ ကျန်ရှိနေတော့ချိန်မှာ တစ်မှတ်ပဲ ကွာဟလို့နေတဲ့ လိုင်လီကို ကျော်ဖြတ်ပြီး လီဂူးချန်ပီယံဆုကို ဆက်လက်သိမ်းပိုက်ခွင့် ရသွားနိုင်မလားဆိုတာ စိတ်ဝင်စားဖို့ကာင်းနေပါတယ်။