ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ ဘောလုံးလောကရဲ့ ဂန္တဝင် နည်းပြကြီး တဦး ဖြစ်သူ အာဆင်ဝင်းဂါးကတော့ ယခု ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ လက်ရှိ ချန်ပီယံ ပြင်သစ်အသင်းကပဲ ချန်ပီယံဆုကို ထပ်မံ ဆွတ်ခူးနိုင်ဖို့ အလားအလာ များပြားနေကြောင်း သုံးသပ်စကား ပြောကြားသွားခဲ့ပါတယ်။

၂၀၁၈ ကမ္ဘာ့ဖလား ချန်ပီယံ ပြင်သစ်အသင်းက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူတို့ရဲ့ ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်ရဖို့ ရှိနေပြီး ပြင်သစ်ဟာ သူတို့အသင်းရဲ့ တောင့်တင်းတဲ့ လူစာရင်းကြောင့် အာဂျင်တီးနားနဲ့ ဘရာဇီးလ်တို့ ပြီးရင် ကမ္ဘာ့ဖလား ချန်ပီယံ ဖြစ်ဖို့ ရေပန်းအစားဆုံး အနေအထားမှာ ရှိနေပါတယ်။

Photo Credit: Football London

ဒါပေမယ့် ပြင်သစ်အသင်းက သူတို့ရဲ့ အဓိက ကစားသမားတွေ ဖြစ်တဲ့ ပေါ့ဘာ ၊ ကန်တီနဲ့ ဘန်ဇီမာတို့ကို ဒဏ်ရာပြဿနာတွေကြောင့် လက်လွှတ်ထားရပြီး သူတို့အသင်းရဲ့ ကွင်းလယ်ပိုင်းကလည်း နိုင်ငံတကာ အတွေ့အကြုံ နည်းတဲ့ ချူအာမီနီ ၊ ကာမာဗင်ဂါ စတဲ့ ကစားသမားတွေကိုသာ အားကိုးရဖို့ ရှိနေပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ ကျွမ်းကျင်သူတွေက ပြင်သစ်အသင်းဟာ ပွဲကျပ်တွေ ကစားရတဲ့အခါ အတွေ့အကြုံ နည်းပါးတဲ့ ကွင်းလယ်ပိုင်းကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ သုံးသပ်ထားကြပြီး ပြင်သစ်လူမျိုး ထိပ်သီးနည်းပြ တဦး ဖြစ်သူ အာဆင်ဝင်းဂါးကတော့ ပြင်သစ်အသင်းဟာ အားနည်းချက်တွေ ရှိနေတာ မှန်ပေမယ့် သူတို့ရဲ့ အားကောင်းလွန်းတဲ့ တိုက်စစ်ပိုင်းကြောင့် ကမ္ဘာ့ဖလား ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်လိမ့်မယ်လို့ ယုံကြည်နေပါတယ်။

Photo Credit: Football London

အာဆင်ဝင်းဂါးက – “ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်ချေ အမြင့်ဆုံး အသင်းကို ရွေးပေးရမယ် ဆိုရင် ပြင်သစ်ကိုပဲ ရွေးချင်ပါတယ်။ ကျွန်တော်က ပြင်သစ်နိုင်ငံမှာ မွေးတဲ့ လူတယောက်မို့လို့ ဒီလိုမျိုး ပြောတာ မဟုတ်ပါဘူး။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုရင် ပြင်သစ်အသင်းဟာ အကောင်းဆုံး တိုက်စစ်စုဖွဲ့မှုကို ပိုင်ဆိုင်ထားတဲ့ အသင်း ဖြစ်နေလို့ပါ။ တကယ်လို့ ဒက်ချမ့်စ်ကသာ သူ့အသင်းရဲ့ ခံစစ်ကြောင်းကို ကျစ်လျစ် တည်ငြိမ်နေအောင် စုဖွဲ့နိုင်ခဲ့ရင် သူတို့က ကမ္ဘာ့ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ဖို့ ရာခိုင်နှုန်း များပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အာဆင်ဝင်းဂါးရဲ့ ပြင်သစ်အသင်းက ယခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ ဩစတေးလျ ၊ ဒိန်းမတ် ၊  တူနီးရှား စတဲ့ အသင်းတွေနဲ့ တအုပ်စုထဲ ကျရောက်နေပြီး အုပ်စုဗိုလ်အဖြစ်နဲ့ ရှုံးထွက်အဆင့်ဆီ တက်လှမ်းနိုင်ဖို့ ရာခိုင်နှုန်း များပြားနေပါတယ်။