ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ကို ယခုလိုမျိုး အဆင့်အတန်း တခု ရောက်လာအောင် ပြုစု ပျိုးထောင်ပေးခဲ့တဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်ဟာ ဒီရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်စွမ်း ရှိနေပြီလို့ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အာစင်ဝင်းဂါးရဲ့ တပည့်ဟောင်း အာတီတာ ဦးဆောင်နေတဲ့ အာဆင်နယ်က ယခုနှစ် ဘောလုံးရာသီမှာ စွမ်းဆောင်ရည်ကောင်းတွေ ထုတ်ပြထားနိုင်တဲ့ အသင်း ဖြစ်ပြီး ပရီးမီးယားလိဂ် ပွဲစဉ်၆ အပြီးမှာ ၅ပွဲနိုင် ၁ပွဲရှုံး ဆိုတဲ့ ရလဒ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်ပါတယ်။

Photo Credit: Express

အာဆင်နယ်က ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ ကစားသမားတွေ ဖြစ်တဲ့ ဂျေဇူးနဲ့ ဇင်ချန်ကိုတို့ နှစ်ဦးကို အမိအရ ခေါ်ယူနိုင်ခဲ့ပြီးနောက် ဂျေဇူး ၊ ဇင်ချန်ကို နှစ်ဦးရဲ့ အင်အား + ရှိရင်းစွဲ ကစားသမားတွေရဲ့ အင်အားတို့ ပေါင်းစည်းပြီး ရလဒ်ကောင်းတွေ ရယူထားနိုင်တာပဲ ဖြစ်ပါတယ်။

အာဆင်နယ်က ရလဒ်ကောင်းတွေ ရယူနိုင်ရုံသာမကပဲ သူတို့အသင်းရဲ့ ကစားပုံဟာလည်း အတော်လေးကို ကောင်းမွန်နေတာကြောင့် ဘောလုံးရေးရာ သုံးသပ်သူ တချို့က အာဆင်နယ်ဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံဘွဲ့ကို စိန်ခေါ်နိုင်စွမ်း ရှိလာကြောင်း သုံးသပ်နေကြပြီး အာဆင်နယ်ရဲ့ ဂန္တဝင် နည်းပြကြီး အာစင်ဝင်းဂါးကလည်း အဆိုပါ သုံးသပ်ချက်တွေကို ထောက်ခံခဲ့ကာ အာဆင်နယ်ဟာ မန်ချက်စတာ စီးတီးရဲ့ ချန်ပီယံလုဘက် ဖြစ်လာပြီလို့ ထပ်ဆင့် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Express

အာစင်ဝင်းဂါးက – “ကျွန်တော်ကတော့ အာဆင်နယ်ဟာ လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလို့ ပြောချင်ပါတယ်။ အရိုးသားဆုံး ပြောရရင် အခု အာဆင်နယ်မှာ အားနည်းချက် ရှိတဲ့ နေရာဆိုတာ မရှိတော့ပါဘူး။ ကစားသမားတွေက ငယ်သလို အလားအလာကောင်းတွေလည်း ရှိပါတယ်။ ပြီးတော့ သူတို့က ဒီရာသီမှာ ကောင်းကောင်းကြီး အစွမ်းပြနေကြပါတယ်။ ဒီနှစ်ရဲ့ ပရီးမီးယားလိဂ်ပြိုင်ပွဲဝင် အသင်းတွေထဲမှာ ပြီးပြည့်စုံအောင် ကောင်းမွန်တဲ့ အသင်းမျိုး မရှိသေးပါဘူး။ ဒါကြောင့် အာဆင်နယ်ကလည်း ရာသီကုန်ရင် အောင်မြင်နိုင်ချေ ရှိပါတယ်။ ဘာကြောင့် ကျွန်တော်တို့က အဆင့်၄ထဲကို လွယ်လွယ်ကူကူ မရောက်နိုင်ရမှာလဲ။ ပြီးတော့ အာဆင်နယ်က ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတယ် ဆိုတဲ့ အချက်ကို ဘယ်သူမှ ငြင်းလို့ မရပါဘူး။ ကျွန်တော်ကတော့ အာဆင်နယ်ကို ချန်ပီယံ ဖြစ်ဖို့ မျှော်လင့်ထားပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။