အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတွေထဲကမှ ဂန္တဝင်ကစားသမားအဖြစ် ခေါင်းစဉ်တပ်လို့ရသော ကစားသမားကြီးတစ်ဦးဖြစ်တဲ့ သီယာရီအွန်နရီဟာ အာဆင်နယ်ပရိသတ်တွေရဲ့ အချစ်တော် ကစားသမား ဖြစ်သလို ဘောလုံးသမားတချို့ရဲ့ လေးစားအားကျရတဲ့ ကစားသမားကြီးလည်း ဖြစ်ပါတယ်။ ဒီလို ပြင်သစ်တိုက်စစ်မှူးဟောင်းကြီး အွန်နရီကို အားကျနေတဲ့ ဘောလုံးသမားတွေထဲမှာ အာဆင်နယ်အသင်းရဲ့ပစ်မှတ်ဖြစ်နေတဲ့ တိုက်စစ်မှူးလေး ဂျိုနသန်ဒေးဗစ်ပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Daily Mail

အသက်(၂၁)နှစ်အရွှယ်ရှိ ကနေဒါလက်ရွေးစင် တိုက်စစ်ကစားသမား ဂျိုနသန်ဒေးဗစ်ဟာ ဘယ်လ်ဂျီယံ ထိပ်တန်းအသင်း ဂျန့်အသင်းကနေ လိုင်လီအသင်းဆီကို ၂၀၂ဝခုနှစ်မှာ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ ပထမရာသီမှာ ပြိုင်ပွဲစုံသွင်းဂိုး (၁၃)ဂိုးသာ သွင်းယူနိုင်ခဲ့ပေမယ့် ဒုတိယမြောက်ရာသီဖြစ်တဲ့ အခုနှစ်ဘောလုံးရာသီမှာတော့ သူရဲ့ပြိုင်ပွဲစုံသွင်းဂိုးက (၁၆)ဂိုးအထိတောင် ရှိလာခဲ့ရပါတယ်။ လီဂူးဝမ်းပြိုင်ပွဲအတွင်း (၁၉)ပွဲကစားအပြီး သွင်းဂိုး(၁၂)ဂိုးအထိကို သွင်းယူထားနိုင်ခဲ့တဲ့ တိုက်စစ်မှူးဒေးဗစ်ကို အာဆင်နယ်အသင်းကနေ အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး အသင်းကနေ ထွက်ခွာတော့မယ့် အူဘာမီယန်း လာကာဇက်တို့နေရာမှာ ဒေးဗစ်နဲ့ အစားထိုးချင်နေတာ ဖြစ်ပါတယ်။

Photo Credit : The Sun

နေမာ ဘာပေတို့အပြင် လီယွန်နယ်မက်ဆီပါ ရောက်ရှိလာခဲ့တဲ့ ပြင်သစ်လီဂူးဝမ်း ပြိုင်ပွဲအတွင်းမှာ ဒီတိုက်စစ်ကစားသမားတွေကို ကျော်ဖြတ်ပြီး ဒီနှစ်ရာသီရဲ့ လီဂူးဂိုးသွင်းအများဆုံး ကစားသမားအဖြစ် ရပ်တည်လို့နေတဲ့ လိုင်လီအသင်း တိုက်စစ်ကစားသမား ဂျိုနသန်ဒေးဗစ်ကို အာဆင်နယ် အပါအဝင် ဥရောပ ထိပ်တနး်ကလပ်အသင်းတွေက အပြိုင်စိတ်ဝင်စားလျက် ရှိနေပါတယ်။ ဒီလို အာဆင်နယ်ရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဒေးဗစ်ဟာ လေဆိပ်တစ်ခုကို အသွားမှာ ဂိုးသွင်းအပြီး အောင်ပွဲခံနေတဲ့ အွန်နရီ(အာဆင်နယ်ဂျာစီနဲ့)ဓါတ်ပုံပါ အကျီကို ဝတ်ဆင်ထားတာကြောင့် ဒါကို မြင်တွေ့သွားရတဲ့ အာဆင်နယ်ပရိသတ်တွေက စိတ်လှုပ်ရှားသွားခဲ့ရပါတယ်။ ဒေးဗစ်ရဲ့ အခုလို ဝတ်စားဆင်ယင်ပုံကို မြင်တွေ့ခဲ့ရတဲ့ အာဆင်နယ်အသင်း ပရိသတ်တွေက စိတ်လှုပ်ရှားသွားခဲ့ရပြီး “အာဆင်နယ်အသင်းကနေ ကြိုဆိုပါတယ် ဂျိုနသန်ရေ” “သူရဲ့ ကိုယ်ပိုင်လေယာဉ်ပျံနဲ့ ဘယ်ကိုသွားမလဲဆိုတာကို ခြေရာခံဖို့အတွက် စောလွန်းသွားတာလား” ဆိုပြီး ရေးသားမှုတွေ ပြုလုပ်လာခဲ့ပါတယ်။ အာဆင်နယ်အသင်းဟာ တိုက်စစ်ပိုင်းအတွက် ဂျိုနသန်ဒေးဗစ်အပြင် ဗလာဟိုဗစ် ကဲလ်ဗတ်လူဝင်နဲ့ အကင်စ်ဆက်နဲ့ လူကာယိုဗစ်တို့ကိုလည်း ပစ်မှတ်ထားနေပါတယ်။