ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ရဲ့ နောက်ဆုံးနေ့ရက်မှာမှ ချန်ပီယံရှစ်ကလပ် ဘန်လေ ကနေ မန်ချက်စတာ ယူနိုက်တက်ထံ ရာသီဝက်အငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ တိုက်စစ်မှူး ဗက်ဟို့စ်ကတော့ ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ပြီးနောက် သူတို့အသင်းဟာ ကျန်တဲ့ ဆုဖလား ၃ခုကိုပါ ထပ်မံ ရယူနိုင်အောင် ကြိုးစားသွားမယ်လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်က ယမန်နေ့ညမှာ နယူးကာဆယ်နဲ့ ကာရာဘောင်းဖလား ဗိုလ်လုပွဲကို ယှဉ်ပြိုင် ကစားခဲ့ရပြီး အဆိုပါပွဲမှာ မန်ချက်စတာ ယူနိုက်တက်က နယူးကာဆယ်ကို ပွဲစပွဲဆုံး ခြေစွမ်းအသာနဲ့ ကစားနိုင်ခဲ့ကာ ပထမပိုင်းမှာ ရတဲ့ အနိုင်ဂိုးတွေနဲ့အတူ ကာရာဘောင်းဖလား ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ကာရာဘောင်းဖလား ချန်ပီယံ ဖြစ်ခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်က ၇နှစ်ကြာ ဖလားလက်မဲ့ ဖြစ်နေမှုကို အဆုံးသတ်နိုင်ခဲ့သလို ကာရာဘောင်းဖလားဟာ နည်းပြသစ် အဲရစ် တန်ဟက်ဂ်ရဲ့ လက်အောက်မှာ ပထမဦးဆုံး ရတဲ့ ဆုဖလား အဖြစ်လည်း မှတ်တမ်းဝင်ခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက် ၂-၀ နယူးကာဆယ် ပွဲအပြီးမှာတော့ ယူနိုက်တက် တိုက်စစ်မှူး ဗက်ဟို့စ်က သူတို့အသင်းဟာ ကာရာဘောင်းဖလားကို ရယူနိုင်ခဲ့ပြီးနောက် လက်ကျန် ပြိုင်ပွဲ ၃ခုစလုံးမှာပါ ချန်ပီယံ ဖြစ်အောင် ကြိုးစားဖို့ ခွန်အားတွေ ရှိလာကြောင်းနဲ့ ဒီရာသီမှာ ကာရာဘောင်းအပြင် နောက်ထပ် ဆုဖလားတွေကိုပါ ထပ်မံ ရယူဖို့ စိတ်ကူးရှိနေကြောင်း ဆိုလာပါတယ်။

Photo Credit: Goal

ဗက်ဟို့စ်က – “ကျွန်တော်တို့က ဒီရာသီမှာ ဆုဖလား ၄လုံးစလုံးကို သိမ်းပိုက်ချင်ပါတယ်။ ကျွန်တော်တို့က အခု တခုတော့ ရပါပြီ။ ၃ခု ကျန်ပါသေးတယ်။ ကျွန်တော်တို့က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်(၁)နေရာနဲ့ ရမှတ် ကွာဟမှုတွေတော့ ရှိနေတာပေါ့။ ဒါပေမယ့် ကျွန်တော်တို့က ချန်ပီယံဆုကို စိန်ခေါ်နိုင်စွမ်း ရှိတယ်လို့ ယုံကြည်ထားပါတယ်။ ကျွန်တော်တို့ရဲ့ ခေါင်းထဲမှာ ရည်မှန်းချက်တွေ အများကြီး ရှိနေပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။