ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ ပီအက်စ်ဂျီအသင်းရဲ့ လစ်လပ်လို့နေတဲ့ နည်းပြရာထူးကို ဝင်ရောက်လာခဲ့တဲ့ နည်းပြမာရီစီယိုပိုချက်တီနိုကတော့ အသင်းနဲ့အတူ ပထမဆုံးအကြိမ် လေ့ကျင့်ခန်းအစီအစဉ်တွေကို စတင်လုပ်ဆောင်ချိန်မှာပဲ အသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်တဲ့ တိုက်စစ်မှူးနေမာအတွက် အကောင်းဆုံးဖြစ်နိုင်မယ့် နေရာတစ်ခုကို ရှာဖွေပေးဖို့ လိုအပ်မယ်ဆိုတာကို နားလည်သဘောပေါက်မိလာခဲ့ကြောင်း ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

Photo Credit : Daily Express

စပါးနည်းပြဟောင်း ပိုချက်တီနိုဟာ အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် တစ်နှစ်နီးပါးလောက် အသင်းလက်မဲ့ ဖြစ်နေခဲ့ရပြီး ကလပ်အသင်းများစွာနဲ့လည်း သတင်းတွေ ထွက်ပေါ်ခဲ့ပါတယ်။ ဒါပေမယ့် သူ ကစားသမားဘဝတုန်းက ပါဝင်ကစားခဲ့ဖူးတဲ့ ပီအက်စ်ဂျီအသင်းက လက်ရှိနည်းပြ သောမတ်စ်တူဟယ်လ်ကို ရာထူးကနေ ထုတ်ပယ်လိုက်ပြီးနောက်မှာ ပီအက်စ်ဂျီနဲ့ သတင်းတွေ အတော်လေးကို ထွက်ပေါ်လာခဲ့ပြီး နောက်ဆုံးမှာတော့ အားလုံးမျှော်လင့်နေကြတဲ့အတိုင်း ပီအက်စ်ဂျီရဲ့နည်းပြသစ် ဖြစ်လာခဲ့ရပါတယ်။ အခုတော့ အသင်းနဲ့ လေ့ကျင့်ခန်း အစီအစဉ်တွေကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် အသင်းသားတွေနဲ့ပတ်သက်ပြီး သိရှိလာခဲ့ရတာတွေကို ပိုချက်တီနိုက ဖွင့်ဟလာခဲ့ပါတယ်။

Photo Credit : France24

ပိုချက်တီနိုက “နေမာအနေနဲ့ တစ်သင်းလုံးနဲ့ လေ့ကျင့်ခန်းပြန်ဆင်းတဲ့အခါကျရင် နေမာအတွက် အကောင်းဆုံးနေရာတစ်ခုကို ရရှိလာအောင် ကျွန်တော်တို့တွေ ရှာဖွေရပါလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ သူအကောင်းဆုံးတွေကို လုပ်ဆောင်နိုင်ဖို့အတွက်ကြောင့်ပါ။ ကျွန်တော်ကတော့ အသင်းရဲ့စနစ်အကြောင်းတွေကို ထုတ်ဖော်ပြောဆိုရတာ မနှစ်သက်ပါဘူး။ ပွဲစဉ်တွေမှာပဲ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်မယ်။ နေမာအပါအဝင် အသင်းသားတွေအားလုံးရဲ့ အကောင်းဆုံးစွမ်းဆောင်ရည်တွေ ထွက်ပေါ်လာအောင်ကိုပဲ လုပ်ဆောင်သွားမယ်။ အသင်းတွေအားလုံးက ခေါင်းဆောင်တွေပါပဲ။ သူတို့က ခေါင်းဆောင်ပိုင်းစွမ်းရည်တွေကို မတူကွဲပြားတဲ့ ပုံစံမျိုးတွေနဲ့ ထုတ်ဖော်ပြသနိုင်တတ်သူတွေပါ။ အသင်းတစ်သင်းမှာ ခေါင်းဆောင်နိုင်တတ်တဲ့ ကစားသမားတွေ ခပ်များများရှိလေ အဲ့ဒီအသင်းအတွက်ကလည်း အကျိုးရှိလေပါပဲ” လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။ ပီအက်စ်ဂျီတိုက်စစ်မှူးနေမာကတော့ ဒီနှစ်ဘောလုံးရာသီအတွင်း အသင်းအတွက် ပြိုင်ပွဲစုံပွဲပေါင်း (၁၂)ပွဲ ပါဝင်ကစားထားခဲ့ပြီး သွင်းဂိုး(၉)ဂိုးနဲ့ ဂိုးဖန်တီးမှု(၅)ကြိမ်အထိ လုပ်ဆောင်ထားနိုင်ခဲ့ပေမယ့် ပြင်သစ်လီဂူးပြိုင်ပွဲမှာတော့ သူရဲ့သွင်းဂိုးအရေအတွက်က (၃)ဂိုးသာ ရှိသေးတဲ့အထိ နည်းပါးလျက်ရှိနေပါတယ်။