စပိန်လာလီဂါ နာမည်ကြီးကလပ် ဗီလာရီးရဲလ်အသင်းရဲ့ နောက်ထံလူ ဟွမ်ဖွိုက်စ်ကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ် ဗိုလ်လုပွဲမှာ အနိုင်ယူနိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ယခုနှစ် ချန်ပီယံလိဂ် အုပ်စုအဆင့်မှာလည်း အနိုင်ယူပြဦးမယ်လို့ ကြုံးဝါးလာခဲ့ပါတယ်။

ဗီလာရီးရဲလ်အသင်းနဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းတို့ဟာ ပြီးခဲ့တဲ့နှစ် ယူရိုပါလိဂ်ဗိုလ်လုပွဲမှာ ထိပ်တိုက် တွေ့ဆုံဖူးပြီး အဆိုပါအချိန်တုန်းက ဗီလာရီးရဲလ်အသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရကာ ယူရိုပါလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ယခုနှစ် ဘောလုံးရာသီမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ ဗီလာရီးရဲလ်အသင်းတို့ဟာ အုပ်စုFအတွင်းမှာ ကျရောက်နေပြီး ဒီတပတ်မှာတော့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဗီလာရီးရဲလ်တို့ဟာ ပွဲစဉ် (၂) အဖြစ် မန်ချက်စတာ ယူနိုက်တက်ရဲ့ အိမ်ကွင်း အိုးထရက်ဖို့ဒ်မှာ ရင်ဆိုင် ကစားကြမှာပါ။

နှစ်သင်းစလုံးဟာ အုပ်စုအဖွင့်ပွဲစဉ်မှာ နိုင်ပွဲတွေ ပျောက်ဆုံးထားတဲ့ အသင်းတွေ ဖြစ်တာကြောင့် အုပ်စုအဆင့် ကနေ တက်ရောက်နိုင်ဖို့ အတွက် ယခုပွဲစဉ်မှာ ရလဒ်ကောင်းတွေ ရရှိအောင် မဖြစ်မနေ ကြိုးစားဖို့ လိုအပ်နေပြီး ဗီလာရီးရဲလ် နောက်ခံလူ ဟွမ်ဖွိုက်စ်ကတော့ သူတို့အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလို မန်ချက်စတာ ယူနိုက်တက်အသင်းကို အနိုင်ယူပြဖို့ အဆင်သင့်ပဲလို့ ကြုံးဝါးသွားခဲ့ပါတယ်။

Photo Credit: The Sun

ဟွမ်ဖွိုက်စ်က – “ရီးရဲလ်မက်ဒရစ် ၊ မန်ချက်စတာ ယူနိုက်တက် ၊ ချယ်လ်ဆီးတို့လို အသင်းတွေဟာ အားကောင်းပြီး အမြဲတမ်း ဆုဖလားတွေကို ဆာလောင်နေတတ်တဲ့ ထိပ်တန်းအသင်းကြီးတွေ ဆိုတာ ကျွန်တော်တို့ အားလုံး သိထားကြပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အတွေးအခေါ်တွေ ကတော့ ရှင်းလင်းပါတယ်။ ကျွန်တော်တို့တွေ အစွမ်းကုန် ကြိုးစားမယ်။ ပွဲကို နားလည်အောင် ဖတ်မယ်။ ပြီးရင် အဲ့ဒီအသင်းတွေကို အနိုင်ရအောင် လုပ်ရမယ့် အခိုက်အတန့်တွေ ရောက်လာရင် အနိုင်ရအောင် လုပ်ပြမယ်။ ဒါပါပဲ။ ဒီတော့ ကျွန်တော်တို့က ဒီပွဲမှာလည်း အနိုင် ၃မှတ် ရယူဖို့ အတွက်ပဲ ချီတက်သွားမှာပါ” လို့ ဖွင့်ဟ ပြောကြားခဲ့တာပါ။