MySport Myanmar

ကမ္ဘာ့ဖလားကို ဆောင်းရာသီမှာ ကျင်းပတာက အင်္ဂလန်အတွက် အခွင့်ကောင်းပဲလို့ ကိန်း ပြောဆို

အမြဲလိုလို ဇွန်လလယ်လောက်ကနေ စတင်ပြီး ကျင်းပလေ့ရှိတဲ့ ဖီမာကမ္ဘာ့ဖလားပြိုင်ပွဲဟာ အလွန်ပူပြင်းလွန်းတဲ့ ကာတာနိုင်ငံကနေ အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် အချိန်မှာတော့ ပုံမှန်အတိုင်း ဇွန်လမှာ ကျင်းပလို့ မဖြစ်တော့တဲ့အတွက် နိုဝင်ဘာလ တနည်းအားဖြင့် ဆောင်းရာသီမှာ ပြောင်းလဲကျင်းပဖို့ ဖီဖာဘက်ကနေ စီစဉ်လိုက်ရပြီး ဒီလို စီစဉ်မှုက အင်္ဂလန်အသင်းအတွက် အခွင့်ကောင်းတစ်ခု ဖြစ်လာနိုင်တယ်လို့ အင်္ဂလန် အသင်းခေါင်းဆောင် ဟာရီကိန်းက ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Inside The Game

ကမ္ဘာ့ဖလားကို ၁၉၅၀ခုနှစ်ကတည်းက စတင်ဝင်ရောက် ယှဉ်ပြိုင်ခဲ့တဲ့ အင်္ဂလန်အသင်းဟာ ၁၉၆၆ခုနှစ်မှာပဲ ချန်ပီယံဆုကို တစ်ကြိမ်သာ ဆွတ်ခူးနိုင်ခဲ့ပြီး ၁၉၉၀ခုနှစ်နဲ့ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်တွေမှာသာ စတုတ္ထနေရာတွေကို ပိုင်ဆိုင်ခဲ့ရပါတယ်။ ထိပ်တန်းကစားသမားကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းဖြစ်ပေမယ့်လည်း နာမည်ကြီး ထမင်းငတ်အသင်းအဖြစ် သတ်မှတ်ခံရတဲ့ အင်္ဂလန်ဟာ အခု ကာတာကမ္ဘာ့ဖလားပြိုင်ပွဲမှာပါ ဗိုလ်စွဲဖို့ ရေပန်းစားနေတဲ့ အသင်းတွေထဲမှာ ပါဝင်လာခဲ့ပြန်ပြီး ဆောင်းရာသီလို အချိန်ကာလမျိုးမှာ ကျင်းပတဲ့ ကာတာ world cup မှာတော့ အင်္ဂလန်အသင်းက အခြားအသင်းတွေထက် အခွင့်အလမ်း ပိုကောင်းနိုင်တယ်လို့ ဟာရီကိန်းက မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

ဟာရီကိန်းက “ကျွန်တော်တို့တွေက နိုဝင်ဘာလနဲ့ ဒီဇင်ဘာလတွေမှာဆိုရင် ပရီးမီးယားလိဂ်မှာ ပွဲများစွာကို ကစားခဲ့ရတယ်။ အဲ့ဒီအချိန်က ကျွန်တော်တို့အတွက် အလုပ်အရှုပ်ဆုံး ကာလဖြစ်နေတာကြောင့် ဒီအချိန်မှာ ကမ္ဘာ့ဖလားကို ကစားရတာက ကျွန်တော်တို့တွေအတွက် ပြသာနာ မဟုတ်ဘူးလို့ ထင်ပါတယ်။ တစ်နည်းအားဖြင့်တော့ အကျိုးတောင် ရှိနိုင်ပါတယ်။ ကျွန်တော်တို့ လက်ရွေးစင်အသင်းရဲ့ ကစားသမား အများစုက ပရီးမီးယားလိဂ်မှာ ကစားကြတာပါ။ တစ်ခါတစ်လေကျတော့ ဇွန်လမှာ ကစားရတာက ရှည်ကြာတဲ့ ဘောလုံးရာသီကြီး တစ်ခုကို ဖြတ်သန်းပြီးမှ ကစားရတာဖြစ်လို့ အဲ့ဒီတုန်းက အရှိန်မျိုးအတိုင်း ပြန်ရဖ်ို့ဆိုတာက ခက်ခဲနိုင်ပါတယ်။ အခုလို ဆောင်းရာသီမှာ ကျင်းပတာက တကယ်ကို ထူးခြားပါတယ်။ ဒါ ပထမဆုံးအကြိမ်ပဲ ဖြစ်မှာပါ။ နိုဝင်ဘာနဲ့ ဒီဇင်ဘာမှာ ကျင်းပချိန် ကျွန်တော်တို့အတွက် အားသာချက် ရလာနိုင်မယ်လို့ မျှော်လင့်မိပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ နိုဝင်ဘာ (၂၁)ရက်နေ့မှာ စတင်ကျင်းပမယ့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အုပ်စု(B)မှာ အမေရိကန် ဝေးလ်စ် အီရန်အသင်းတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေတဲ့ အင်္ဂလန်ဟာ လက်ရှိမှာတော့ UEFA Nations League ရဲ့ အုပ်စုပွဲစဉ်(၄)ပွဲအတွင်း နိုင်ပွဲလုံးဝမရသေးပဲ သွင်းဂိုးပါ တစ်ဂိုးတည်း သွင်းယူထားနိုင်တဲ့အထိ အခြေအနေ ဆိုးရွှားနေပါတယ်။

Exit mobile version