MySport Myanmar

သူတို့အသင်းက စိုးရိမ် ကြောင့်ကျလွန်းနေခဲ့တယ်လို့ အမော်ရင် ဝန်ခံ

မနေ့ညက ယှဉ်ပြိုင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ ဘုန်းမောက်အသင်းတို့ ပွဲစဉ်မှာ အိမ်ရှင်ယူနိုက်တက်က (၃)ဂိုး ဂိုးမရှိနဲ့ အရှက်တကွဲ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် ယူနိုက်တက်နည်းပြ ရူဘင် အမော်ရင်က သူ့အသင်းဟာ စိုးရိမ်ကြောင့်ကျလွန်းနေခဲ့တယ်လို့ ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

ယူနိုက်တက်က ဒီပွဲမှာ ဂိုးကန်သွင်းချက် (၂၃)ကြိမ် ဂိုးပေါက်တည့်ကန်ချက် (၇)ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း တစ်ဂိုးမှ သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့ဘဲ ဂိုးပေါက်တည့်ကန်ချက်ပေါင်း (၅)ကြိမ်သာ လုပ်ဆောင်ခဲ့တဲ့ ဧည့်သည် ဘုန်းမောက်ကတော့ အိုးထရက်ဖို့ဒ်မှာ သွင်းဂိုး (၃)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : Goal

ဒီရှုံးပွဲကြောင့် ယူနိုက်တက်ဟာ အိုးထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၂)ပွဲဆက်တိုက် နော်တင်ဟမ်နဲ့ ဘုန်းမောက်တို့ကို ရှုံးနိမ်ခဲ့ရပြီး အမော်ရင်လက်ထက်မှာလည်း အသင်းက (၉)ပွဲကစားထားပြီးချိန် နိုင်ပွဲ (၄)ပွဲ ရှုံးပွဲ (၄)ပွဲ သရေပွဲ (၁)ပွဲနဲ့ သူရဲ့ နိုင်ပွဲရာခိုင်နှုန်းက (၄၄.၄၄)% သာ ရှိနေရပါတယ်။

ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး အမော်ရင်က “ဒီပွဲကို ကြည့်နေမယ်ဆိုရင် ပထမဂိုး ခွင့်မပြုရခင်မှာ ကျွန်တော်တို့ဘက်က ဘာအခွင့်အရေးမှ ခွင့်မပြုခဲ့ရဘဲ အခွင့်အရေးတွေကိုသာ ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့သာ ဂိုးစပြီး ရခဲ့မယ်ဆိုရင်တော့ ပွဲက တစ်မျိုးတစ်ဖုံ ပြောင်းလဲသွားပါမယ်။ ကျွန်တော်တို့က ဂိုးသွင်းချင်ခဲ့ပေမယ့် ကျွန်တော်တို့ ကစားသမားတွေက စိုးရိမ်ကြောင့်ကျလွန်းနေတယ်။”

Photo Credit : Goal

“ဒါကို တိုက်ခိုက်နိုင်ရမယ်။ ပင်နယ်တီ ကန်ခွင့်ပြုလိုက်ရပြီးချိန်မှာ ကျွန်တော်တို့ ပွဲကို ပိုကောင်းအောင် ထိန်းချုပ်ဖို့ လိုအပ်လာပါတယ်။ ဘာကြောင့်လဲဆိုတော့ အခြေအနေတွေက တကယ်ကို ခက်ခဲတယ်ဆိုတာ သိထားလို့ပါ။ ကွင်းထဲမှာ ခံစားနေရတာကို အာရုံစိုက်ရမှာ မဟုတ်ဘဲ ကိုယ့်အလုပ်အပေါ်မှာသာ အာရုံစိုက်ထားရပါမယ်။”

“ဒါက ကျွန်တော့်ကစားသမားတွေ ပွဲအပေါ် ဘယ်လို အာရုံစိုက်ရမလဲဆိုတာ ကျွန်တော် သိရှိထားတဲ့ တစ်ခုတည်းသော နည်းလမ်းပါ။ ကျွန်တော်တို့အခု ရှုံးနိမ့်ခဲ့ပြန်ပါတယ်။ ဒါပေမယ့် နိုင်ပွဲတွေ ပြန်ရဖို့ ကြိုးစားသွားမှာပါ။ အဆုံးထိတောင် ကြိုးပမ်းသွားပါမယ်။” လို့ ပြောကြားသွားခဲ့ပါတယ်။ ယူနိုက်တက်ဟာ လာမယ့် (၂၇)ရက်နေ့မှာတော့ ဝုလ်ဗ်အသင်းနဲ့ မိုလီနူးကွင်းမှာ သွားရောက် ကစားရမှာပဲ ဖြစ်ပါတယ်။

Exit mobile version