မနေ့ညက ကျင်းပသွားခဲ့တဲ့ အက်စတွန်ဗီလာအသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်အာဆင်နယ်အသင်းက တစ်သင်းလုံးနီးပါး ခြေစွမ်းပြသနိုင်ခဲ့ခြင်းမရှိခဲ့ပဲ ပြိုင်ဘက်ဗီလာကို (၃)ဂိုးပြတ်နဲ့ကို အရေးနိမ့်လိုက်ရတာကြောင့် ဒီနှစ်ဘောလုံးရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲအတွင်း အိမ်ကွင်း(၂)ပွဲဆက်တိုက် ရှုံးနိမ့်ခဲ့ရတာဖြစ်သလို အသင်းသားတွေရဲ့ကစားပုံကလည်း အတော်လေးကို ဖြစ်ကတတ်ဆန်းနိုင်ခဲ့ရတယ်လို့ အာဆင်နယ်နည်းပြ မီခေးလ်အာတီအာက ဝေဖန်ပြစ်တင်သွားခဲ့ပါတယ်။

Photo Credit : Getty Image

 

အာဆင်နယ်ဟာ ဒီပွဲမတိုင်ခင်မှာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ အနိုင်ယူခဲ့သလို ယူရိုပါလိဂ်မှာလည်း မိုလ်ဒီကို ဂိုးပြတ်နဲ့ အနိုင်ရထားခဲ့တာဖြစ်ပေမယ့် ဗီလာနဲ့ ရင်ဆိုင်ရချိန်မှာတော့ ပြိုင်ဘက်အသင်းရဲ့ တုံ့ပြန်ကစားအားကောင်းမွန်မှုကြောင့် အာဆင်နယ်ဘက်မှာပါ အားနည်းချက်တွေ ရှိနေမှုကြောင့်ပါ အခုလို ဂိုးပြတ်အရေးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ ဒီရှုံးပွဲနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြအာတီတာက “ပထမဆုံးတော့ နိုင်ပွဲရသွားခဲ့တဲ့ အက်စတွန်ဗီလာအသင်းကို ဂုဏ်ပြုစကားပြောဆိုချင်ပါတယ်။ သူတို့ကစားသွားတာ အရမ်းကို ကောင်းမွန်လွန်းခဲ့ပါတယ်”

Photo Credit : Football.London

“ပြီးရင်တော့ ကျွန်တော်တို့အသင်းရဲ့ ပုံမှန်ခြေစွမ်းအောက် ကျရောက်နေတဲ့အကြောင်းတွေကို ဆက်ပြောချင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ အသင်းတစ်သင်းရဲ့ ပုံစံအတိုင်းတောင် မကစားနိုင်ခဲ့ပါဘူး။ ဒီလို ပုံစံမျိုးကို မြင်တွေ့ဖူးတာ ဒါပထမဆုံးအကြိမ်လို့တောင် ပြောရပါမယ်။ ပွဲကို စတင်ကစားခဲ့ချိန်ကတည်းက ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ကျွန်တော်တို့ရဲ့ ကစားပုံက အတော်လေးကို ဖြစ်ကတတ်ဆန်းနိုင်နေခဲ့ရတယ်။ Duels ပိုင်းမှာဆိုရင်လည်း ကျွန်တော်တို့အားလုံးနီးပါး ဆုံးရှုံးခဲ့တယ်။ နေရာလွတ်တွေ ဖြစ်ပေါ်ခဲ့ရတယ်။ ကောင်တာတိုက်စစ်အပိုင်းမှာဆိုရင်လည်း အားနည်းချက်တွေ ဖြစ်ခဲ့တယ်။ ဒီရှုံးပွဲအတွက် ကျွန်တော်တာဝန်အပြည့်ယူရမှာပါ။ ဒါပေမယ့် အရမ်းကို ခက်ခဲတဲ့ အခိုက်အတန့်တွေမှာ သင်ခန်းစာယူရမယ့် အရာတွေ ရှိနေမှာပါ။ ဒီလိုအခြေအနေဆိုးတွေကနေ ဘယ်လိုပြန်လည်တုံ့ပြန်နိုင်မလဲဆိုတာကို ကျွန်တော်စောင့်ကြည့်သွားချင်ပါတယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဒီပွဲစဉ်အတွင်းမှာ အာဆင်နယ်အသင်းရဲ့ တိုက်စစ်ကစားသမား အူဘာမီယန်းဟာလည်း ဂိုးသွင်းချက်တစ်ကြိမ်မှကို မရှိခဲ့ရတဲ့အထိ အတော်လေးကို စွမ်းဆောင်ရည်ကျဆင်းလွန်းနေပြီး အသင်းရဲ့တိုက်စစ်ကလည်း ပရီးမီးယားလိဂ်ပွဲစဉ်(၈)ပွဲ ကစားခဲ့ပြီးနောက် သွင်းဂိုး(၉)ဂိုးပဲ သွင်းယူနိုင်ခဲ့ကာ ၁၉၉၈-၁၉၉၉ရာသီနောက်ပိုင်း အဆိုးဆုံးတိုက်စစ် ဖြစ်နေရပါတယ်။