လိုင်ယွန်အသင်းရဲ့ အသင်းခေါင်းဆောင် နယ်သာလန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းကို ဘာစီလိုနာအသင်းရဲ့ နည်းပြသစ်ရော်နယ်ကိုးမန်းက ဒီနှစ်ရာသီရဲ့ နွေစျေးကွက်အတွင်းမှာ သူရဲ့အဓိကပစ်မှတ်အဖြစ် သတ်မှတ်ခဲ့ပြီး ကမ်းလှမ်းမှုတွေ လုပ်ဆောင်ခဲ့ပေမယ့်လည်း တစ်ဖက်က ဒမ်ဘီလီကို မန်ချက်စတာယူနိုက်တက်အသင်းဆီ ရောင်းချမယ့်ကိစ္စမှာ အဆင်မပြေခဲ့တဲ့အတွက် ဒီပိုင်းလည်း ဘာစီလိုနာကို ရောက်ရှိဖို့အရေးက ပျက်ပြယ်သွားခဲ့ရပါတယ်။ ဒီပိုင်းကိုယ်တိုင်ကလည်း သူအနေနဲ့ ဘာစီလိုနာအသင်းကို ရောက်ရှိဖို့ အလွန်နီးစပ်ခဲ့ကြောင်း ဝန်ခံသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Nocticias

အသက်(၂၆)နှစ်အရွှယ်ရှိ နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမားဒီပိုင်းဟာ ၂၀၁ရခုနှစ်ကမှ မန်ချက်စတာယူနိုက်တက်အသင်းကနေ လိုင်ယွန်အသင်းဆီကို (၄)နှစ်ခွဲနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ဘောလုံးရာသီအကုန်မှာပဲ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး လိုင်ယွန်ဘက်က သက်တမ်းတိုးချင်နေပေမယ့် ဒီပိုင်းကတော့ အသင်းနဲ့ လမ်းခွဲဖို့ကိုပဲ စိတ်အားထက်သန်လို့နေပါတယ်။ လိုင်ယွန်ကလည်း သူတို့ကစားသမားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ မဆုံးရှုံးချင်တာမို့ နွေစျေးကွက်မှာ ရောင်းချဖို့ ကြိုးစားခဲ့ရာ ဘာစီလိုနာဘက်ကနေ အသေအချာ မကမ်းလှမ်းနိုင်ခဲ့လို့ အပြောင်းအရွှေ့က နီးစပ်ခဲ့ပြီးမှ အထမမြောက်ခဲ့ပဲ ပျက်ပြယ်သွားခဲ့ရပါတယ်။

Photo Credit : talkSPORT

အပြောင်းအရွှေ့ကိစ္စနဲ့ပတ်သက်ပြီး ဒီပိုင်းက “ဖြစ်ချင်တာထက် ဖြစ်သင့်တဲ့အတိုင်းပဲ ဆက်သွားရမှာပေါ့။ အခုတော့ ကျွန်တော်က လိုင်ယွန်အသင်းအတွက်ကိုပဲ ပြန်ပြီးအာရုံစိုက်ရပါတော့မယ်။ ဒါက အရေးကြီးတယ်လေ။ ပြီးမှ ဘာတွေဆက်ဖြစ်လာမလဲဆိုတာကို စောင့်ကြည့်ရပါလိမ့်မယ်။ ဘယ်သူကမှလည်း အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကြိုမမြင်နိုင်ဘူးလေ။ ကျွန်တော်အနေနဲ့ ကျွန်တော်လုပ်စရာရှိတာတွေကို ကြိုးစားပြီး ဆက်လုပ်နေမယ်ဆိုရင် ကလပ်အသင်းတွေလည်း ကျွန်တော့်ကို အခုလို စိတ်ဝင်စားနေကြမှာပဲလေ။ ဒါက တကယ်အလုပ်ဖြစ်လာမယ်ဆိုရင်တော့ ကျွန်တော်အနေနဲ့က ပြောင်းလဲနိုင်မှာပါ။ ဘာစီလိုနာကို ရောက်ရှိဖို့ကတော့ အရမ်းကို နီးစပ်ခဲ့တာပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ အားလုံးကိုတော့ အသေးစိတ်ဖော်ပြစရာတော့ မလိုဘူးလို့ထင်ပါတယ်။ ရောက်ရှိဖို့ကတော့ တော်တော်လေးကို နီးစပ်ခဲ့တာပါ။ ဒါပေမယ့် ကံမကောင်းချင်တော့လည်း အပြောင်းအရွှေ့က ရပ်တန့်ခဲ့ပါတယ်။ ကျွန်တော့်ဘဝမှာ ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးဟာလည်း အကြောင်းပြချက်တွေရှိလို့ ဖြစ်လာခဲ့ရတာပါ” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ ဘာစီလိုနာနဲ့ ဒီပိုင်းတို့ဟာ လာမယ့်ဆောင်းရာသီစျေးကွက်လောက်မှာတော့ အပြောင်းအရွှေ့ပြန်ဖြစ်ဖွယ် ရှိနေနိုင်ပါတယ်။