MySport Myanmar

သူတို့အသင်းက ထောင့်ပေါင်းစုံမှာ ညံဖျင်းခဲ့တယ်လို့ အန်ဆယ်လော့တီ ဝန်ခံ

မနေ့ညက ရီးယဲလ် မက်ဒရစ်အသင်းဟာ လိုင်လီအသင်းနဲ့ ချန်ပီယံလိဂ် league phase ပွဲစဉ်အဖြစ် ပြင်သစ်မြေမှာ ယှဉ်ပြိုင်ကစားခဲ့ရင်း လိုင်လီ တိုက်စစ်မှူး ဂျိုနသန် ဒေးဗစ်ရဲ့ ပင်နယ်တီဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲအတွင်း (၁၄)ပွဲဆက်တိုက် ရှုံးပွဲမရှိတဲ့ စံချိန်ပါ ကျိုးပျက်သွားခဲ့ရပါတယ်။

ဒီရှုံးပွဲဟာ ရီးယဲလ်အသင်းအတွက် ဒီရာသီရဲ့ ပထမဆုံး ရှုံးပွဲဖြစ်လာခဲ့ရပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာဆိုရင်လည်း ၂၀၂၃ခုနှစ် မေလနောက်ပိုင်းမှ ပထမဆုံး ရင်ဆိုင်ခဲ့ရတဲ့ ရှုံးပွဲလည်း ဖြစ်ခဲ့ရပါတယ်။ ဒီရှုံးပွဲနဲ့ ပတ်သက်ပြီး ရီးယဲလ်နည်းပြကြီး အန်ဆယ်လော့တီကတော့ သူတို့အသင်းဟာ ထောင့်ပေါင်းစုံမှာ ညံဖျင်းခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : FC Barcelona Noticias

“ဒီပွဲကို ခွဲခြမ်းစိတ်ဖြာဖို့ ခက်ခဲပါတယ်။ ကျွန်တော်တို့အသင်းက ကဏ္ဍတိုင်းမှာ ညံ့ခဲ့တယ်။ ဖန်တီးမှုတွေလည်း မလုပ်နိုင်ခဲ့ဘူး။ ဘောလုံးပိုင်ဆိုင်မှုကလည်း နှေးကွေးတယ်။ ဘာ idea မှ မရှိပဲ ကစားနေသလိုမျိုး။ နောက်ပြီးတော့ တိုက်စစ်ကစားသမားတွေကလည်း ပြိုင်ဘက်ခံစစ်ကို အမြန်ထိုးဖောက်ဖို့ vertical game မျိဲး ကစားဖို့လည်း လိုအပ်နေပါတယ်။”

“အဲ့လိုမှ မဟုတ်ဘဲ နှေးကွေးနေမယ်ဆိုရင် ပြသာနာ ဖြစ်နိုင်တယ်။ ဒီပွဲက အရမ်းကို ဆိုးရွှားခဲ့တဲ့ ပွဲတစ်ပွဲပါ။ ကျွန်တော်တို့အသင်းက ဘာပုံစံကောင်းမှ မပြသနိုင်ခဲ့လို့ ဆိုးရွှားတဲ့ ခံစားချက်တွေကိုပဲ ရလိုက်ရပါတယ်။” လို့ နည်းပြကြီး အန်ဆယ်လော့တီက မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit : Managing Madrid

ဒါပေမယ့် ဒီလို အခိုက်အတန့်က ရီးယဲလ် မက်ဒရစ် ကစားသမားတွေအတွက် လှုံဆော်မှုတစ်ခု ပြန်လည် ဆန်းစစ်လေ့လာနိုင်မှုတွေ ဖြစ်လာနိုင်ပြီး ဒီရှုံးပွဲကနေ အကောင်းဆုံးတွေပါ ပြန်ဖြစ်လာနိုင်တယ်လို့ ယုံကြည်မိကြောင်း အန်ဆယ်လော့တီက ပြောဆိုလာခဲ့ပါတယ်။

“ပြီးခဲ့တဲ့ ဘောလုံးရာသီ ဇန်နဝါရီလတုန်းက ကျွန်တော်တို့တွေ အသက်လက်တီကို မက်ဒရစ်အသင်းကို ရှုံးနိမ့်လိုက်ပြီးတဲ့နောက်မှာ ဒီရှုံးပွဲက အသင်းအတွက် ကောင်းမွန်တဲ့ အပြောင်းအလဲ ဖြစ်လာဖို့ အထောက်အကူ ပြုသွားခဲ့ပါတယ်။ အခုလည်း ဒီလို အလားတူ ဖြစ်ရပ်မျိုး ထပ်ဖြစ်လာဖို့ မျှော်လင့်ပါတယ်။” ရီးယဲလ်နည်းပြကြီး အန်ဆယ်လော့တီ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Exit mobile version