မနေ့ညက အိုးထရက်ဖို့ဒ်မှာ ကစားသွားခဲ့ကြတဲ့ မန်ချက်စတာ ယူန်ိုက်တက်အသင်းနဲ့ အဲဗာတန်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အိမ်ရှင် ယူနိုက်တက်က ပင်နယ်တီကနေ ရရှိတဲ့ သွင်းဂိုးတွေနဲ့ အနိုင်ရခဲ့ပြီးနောက် ယူနိုက်တက် တောင်ပံကစားသမားလေး ဂါနာချိုက သူတို့ဟာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာအတွက် ဆက်ပြီး တိုက်ပွဲဝင်သွားမယ်လို့ ကြုံးဝါးသွားခဲ့ပါတယ်။

ယူနိုက်တက်အသင်းရဲ့ လူငယ် တောင်ပံတိုက်စစ် ကစားသမားလေး ဂါနာချိုဟာ အဲဗာတန်အသင်းနဲ့ ပွဲစဉ်မှာ သူရဲ့ ထိုးဖောက် တိုက်စစ်ဆင်မှုတွေကို အဲဗာတန် ခံစစ်မှူးတွေက ဟန့်တားရင်း ပင်နယ်တီတွေ ရရှိခဲ့ပြီး ဒီပင်နယ်တီတွေကိုလည်း ဖာနန်ဒက်စ်နဲ့ ရပ်ရှ်ဖို့ဒ်တို့က အမှားအယွင်းမရှိ အဆုံးသတ်နိုင်ခဲ့ပါတယ်။

Photo Credit : centredevils

ယူနိုက်တက်က ဒီပွဲမတိုင်ခင် အိမ်ကွင်းမှာ ဖူလ်ဟမ်ကို ရှံးနိမ့်ထားသလို မန်ချက်စတာဒါဘီမှာလည်း မန်စီးတီးကို ဘယ်လိုမှ ယှဉ်မကစားနိုင်ပဲ ရှုံးနိမ့်ခဲ့ရပေမယ့် အခုပွဲမှာတော့ ဂိုးလုံးဝမပေးရပဲ နိုင်ပွဲရခဲ့ပါတယ်။ ဒါပေမယ့်လည်း အနိုင်(၃)မှတ်သာ ရခဲ့ပေမယ့် ယူန်ိုက်တက်အတွက်တော့ လုံးဝ ပြီးပြည့်စုံတဲ့ နိုင်ပွဲတော့ ဖြစ်နေခဲ့ပါဘူး။

ဒီနိုင်ပွဲနဲ့ ပတ်သက်ပြီး ဂါနာချိုက “(၃)မှတ်ရဖို့က အရမ်းအရေးကြီးပါတယ်။ လာမယ့် ဘောလုံးရာသီမှာလည်း ချန်ပီယံလိဂ်ပြိုင်ပွဲကို ပါဝင်ကစားသွားချင်ပါတယ်။ နည်းပြကတော့ ကျွန်တော့်ကို တစ်ယောက်ချင်း ရင်ဆိုင်ရတာတွေ ဂိုးပေါက်ကန်သွင်းတာတွေ လိမ်ခေါက်တာတွေ အမြဲတမ်း လုပ်စေချင်တာ။ ဒီနေ့ပွဲမှာတော့ ကျွန်တော်က ပင်နယ်တီ (၂)ကြိမ် ရယူပြီး အသင်းကို အကူအညီပေးနိုင်ခဲ့ပါတယ်။”

Photo Credit : centredevils

“အိုးထရက်ဖို့ဒ်ကွင်းကြီးထဲက ပရိသတ်တွေကလည်း ကျွန်တော်ရဲ့ နာမည်ကို သီချင်းလုပ်ဆိုနေကြတာကို မြင်တွေ့ရတော့ အိမ်မက်တစ်ခု မက်နေရသလိုပါပဲ။ ကျွန်တော် အရမ်းပျော်ရွှင်မိရတယ်။” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ဒီနေ့ပွဲစဉ်ကို လာရောက် ကြည့်ရှုသွားခဲ့တဲ့ ယူနိုက်တက်နဲ့ အဲဗာတန်တို့ရဲ့ ကစားသမားဟောင်းကြီး ဝိန်း ရွန်နီကလည်း ဒီနေ့ပွဲရဲ့ အကောင်းဆုံး ကစားသမားက အလက်ဟန်ဒရို ဂါနာချိုဖြစ်ပြီး ကွင်းအတွင်း သူရဲ့ စွမ်းဆောင်ရည်က အလွန်ကောင်းမွန်တယ်လို့ပါ ချီးကျူး ပြောဆိုသွားခဲ့ပါတယ်။