လီဗာပူးလ် နောက်ခံလူ ဗန်ဒိုက်က ချန်ပီယံလိဂ် (၁၆) သင်းအဆင့် ပထမအကျော့ အဝေးကွင်း ပွဲစဉ်မှာ အက်သလက်တီကိုအသင်းနဲ့ ကစားခဲ့စဉ်က ရှုံးကြွေးကို အိမ်ကွင်းမှာ မိနစ် (၉၀) အတွင်း ပြန်ဆပ်မယ်လို့ ပြောသွားပါတယ်။ လီဗာပူးလ်အသင်းဟာ မနေ့ည ကစားခဲ့ကြတဲ့ ချန်ပီယံလိဂ် ပွဲစဉ်မှာ ပွဲကစားချိန် (၄) မိနစ်က ခွင့်ပြုခဲ့ရတဲ့ ဆောလ်ရဲ့ သွင်းဂိုးကြောင့် အက်သလက်တီကို အသင်းကို (၁-ဝ) နဲ့ ရှုံးနိမ့်ခဲ့ပြီး ဒုတိယအကျော့ ပွဲစဉ်ကို အိမ်ကွင်းမှာ ဧည့်ခံရမှာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ချန်ပီယံလိဂ် လက်ရှိ ချန်ပီယံ လီဗာပူးလ်အသင်းဟာ ဘောလုံး ပိုင်ဆိုင်မှု အသာရခဲ့ပေမဲ့လည်း ဂိုးပေါက်တည့် ကန်သွင်းမှု တစ်ကြိမ်မှ မပြုနိုင်ခဲ့ဘဲ ဆာလတ် နဲ့ ဟန်ဒါဆန်က အခွင့်အရေးတွေ ဖြုန်းတီးခဲ့ကြပါတယ်။ လီဗာပူးလ်အသင်းဟာ နောက်လ မတ်လ (၁၁) ရက်နေ့ကျရင် နည်းပြ ဆီမြွန်နီရဲ့ အက်သလက်တီကိုအသင်းကို အိမ်ကွင်းမှာ မကျေပွဲ ပြန်နွဲရမှာ ဖြစ်ပြီး နောက်ခံလူ ဗန်ဒိုက်ကတော့ အိမ်ကွင်းမှာ မိနစ် (၉၀) အတွင်း အမှားကို အမှန်ပြင်မယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: Goal

BT Sport မှာ ဗန်ဒိုက်က “ကျွန်တော်တို့က ထောင့်ကန်ဘောကနေ သွင်းဂိုး ပေးခဲ့လိုက်ရတယ်။ သူတို့အတွက်ကတော့ ပထမဆုံး အခွင့်အရေးပါ။ အခွင့်အရေးတောင် မဟုတ်ဘူး။ အနည်းငယ်ကံကောင်းခဲ့တာပါ။ ပထမပိုင်းမှာ ရခဲ့တာက ဆက်ကစားနေဖို့ပါ။ ကျွန်တော်တို့ တစ်ပွဲလုံးနီးပါးဘောလုံး ရရှိခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးစွာနဲ့ အခွင့်အရေးကောင်းတွေကိုတော့ မဖန်တီးနိုင်ခဲ့ဘူး။ ကျွန်တော်တို့ဆီမှာ အမှန်ပြင်ဖို့ နောက်ထပ် မိနစ် (၉၀) ရှိပါသေးတယ်”လို့ ပြောသွားခဲ့ပါတယ်။