ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ် တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေက သူတို့အသင်းနဲ့ နယူးကာဆယ်ကို ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် ပွဲစဉ်အတွင်းမှာ တစ်ဂိုးစီ သရေကျရမယ့်အစား ဂိုးပြတ်ရလဒ်နဲ့ပါ ပြတ်ပြတ်သားသား အနိုင်ရခဲ့သင့်တယ်လို့ ညည်းတွား ပြောကြားလိုက်ပါတယ်။

ပီအက်စ်ဂျီ နဲ့ နယူးကာဆယ်တို့ဟာ မနေ့က ပဲရစ်မြို့မှာ ရင်ဆိုင်ခဲ့ကြရင်း အီဆက်ခ်ရဲ့ အဖွင့်ဂိုးနဲ့ ဧည့်သည် နယူးကာဆယ်က ပွဲကို ဦးဆောင်ထားပြီး ပွဲပြီးခါနီး အချိန်ပိုမှ အိမ်ရှင်ဘက်ကို ပင်နယ်တီကန်ခွင့် ပေးလိုက်ရကာ ဘာပေက ပီအက်စ်ဂျီအတွက် ချေပဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : France 24

ဒီပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းအတွက် ဂိုးကန်သွင်းချက်ပေါင်း (၃၁)ကြိမ် နဲ့ ဂိုးပေါက်တည့်ကန်ချက်ပေါင်း (၇)ကြိမ်အထိ ရှိခဲ့ပေမယ့်လည်း ပွဲပြီးခါနီးလေးမှ ရရှိခဲ့တဲ့ ပင်နယ်တီကနေ ချေပဂိုး ရရှိခဲ့ရင်း နှစ်ကျော့လုံး မရှုံးခဲ့ရတာ ဖြစ်ပါတယ်။

ဒီပွဲနဲ့ ပတ်သက်ပြီး ဘာပေက “ကျွန်တော်တို့က ဒီအသင်းက ပွဲအစကနေ ပွဲပြီးဆုံးချိန်ထိ လွှမ်းမိုးထားနိုင်ခဲ့တာကြောင့် ဒီရလဒ်ကို စိတ်ပျက်မိရတယ်။ သူတို့က ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူတို့က ဒီပွဲနဲ့ ပတ်သက်ပြီး ဘာမှလုပ်နိုင်မှာ မဟုတ်ဘူးလို့ ကျွန်တော်တို့ သိထားပေမယ့်လည်း ကျွန်တော်တို့ဘက်က ရလာတဲ့ အခွင့်အရေးတွေကို အဆုံးမသတ်နိုင်တာက အရမ်းဆိုးတယ်။”

 

Photo Credit : Goal

“ကျွန်တော်တို့အသင်းက ချန်ပီယံလိဂ် ပွဲစဉ်တစ်ပွဲတည်းမှာပဲ ဂိုးရနိုင်လောက်တဲ့ အခွင့်အရေးတွေ အများကြီးကို ရခဲ့တာ။ ဒါက ကျွန်တော်တို့အနေနဲ့ ဂိုးဧရိယာထဲမှာ အဆုံးသတ်ကောင်းဖို့ လိုအပ်နေတယ်ဆိုတာကို ပြသနေတာပါပဲ။”

“ခက်ခဲတဲ့ ပွဲတစ်ပွဲ ဖြစ်ခဲ့ရတယ် ဆိုပေမယ့်လည်း ကျွန်တော်တို့က ပွဲကို လုံးဝ အဆုံးသတ်လိုက်နိုင်ခဲ့သင့်တာ။ ပုံမှန်ဆိုရင် ကျွန်တော်တို့အသင်း ရလာတဲ့ အခွင့်အရေးတွေနဲ့ ဒီပွဲကို ဂိုးအပြတ်အသတ် သွင်းပြီး အနိုင်ရလိုက်သင့်တာ။” လို့ ဘာပေက ပြောဆိုသွားခဲ့ပါတယ်။