မနေ့ညက ဆွစ်ဇာလန်မြေမှာ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ယန်းဘွိုင်းစ်အသင်းနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ ဥရောပချန်ပီယံလိဂ်ပွဲစဉ်မှာ ဧည့်သည်ယူနိုက်တက်က ရော်နယ်လ်ဒိုရဲ့သွင်းဂိုးနဲ့ ပွဲကိုစတင်ဦးဆောင်ထားပေမယ့်လည်း ဘစ်ဆာခါ အထုတ်ခံရပြီးနောက် အိမ်ရှင်အသင်းက ကစားသမားတစ်ယောက်အသာနဲ့ အခွင့်အရေးတွေ ပိုရလာခဲ့ပြီး ဒုတိယပိုင်းအတွင်းမှာပဲ ချေပဂု်ိးနဲ့ ပွဲပြီးဆုံးခါနီးမှာ အနိုင်ဂိုးတွေကို သွင်းယူပြီး နာမည်ကြီး ယူနိုက်တက်အသင်းကို ဦးချိုးသွားခဲ့ပါတယ်။

Photo Credit : Daily Express

ယူနိုက်တက်အသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အုပ်စုအဆင့်မှာ အခြားသော ပြိုင်ဘက်အသင်းတွေထက် အနည်းငယ် ချောင်တဲ့အနေအထားရှိတဲ့ အုပ်စုမျိုးကို ကျရောက်နေခဲ့တာဖြစ်သလို အသင်းရဲ့ နွေရာသီ အားဖြည့်တင်းထားမှုတွေကြောင့်လည်း အောင်မြင်မှု တစ်စုံတစ်ရာ ရယူနိုင်လိမ့်မယ်လို့ပါ သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ယန်းဘွိုင်းစ်နဲ့ပွဲစဉ်အတွင်း ညာနောက်ခံလူ အာရွန်ဝမ်ဘစ်ဆာခါ မမျှော်လင့်ပဲ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံရပြီးနောက်ပိုင်း ယူနိုက်တက်ကစားပုံ ပျက်သွားခဲ့ရပြီး ပွဲပြီးဆုံးတဲ့အချိန်ထိ ပြိုင်ဘက်ဂိုးပေါက်ကို မခြိမ်းခြောက်နိုင်တော့သလို ပြိုင်ဘက်ရဲ့ တိုက်စစ်ဆင်မှုကိုလည်း မထိန်းထားနိုင်ပဲ နာကျင်အချိန်ပိုမှာ အနိုင်ိဂုးကိုပါ ခွင့်ပြုပေးလိုက်ရပါတယ်။

Photo Credit : Sky Sports

တစ်ဖက်တစ်ဂိုးစီနဲ့ သရေကျနေတဲ့ ဒုတိယပိုင်း ပွဲကစားချိန်အတွင်း ယူနိုက်တက်နည်းပြ ဆိုးလ်ရှားက အသင်းအတွက် သွင်းဂိုးသွင်းယူပေးတဲ့ ရော်နယ်လ်ဒိုနဲ့ သွင်းဂိုးကို ဖန်တီးပေးထားတဲ့ ဖာနန်ဒက်စ်တို့အစား လင်ဂတ်နဲ့ မာတစ်တို့ကို ထည့်သွင်းလာခဲ့တာက ယူနိုက်တက်ပရိသတ်တွေကို စိတ်ပျက်သွားစေခဲ့ရပြီး ယန်းဘွိုင်းစ်အသင်းရဲ့ အနိုင်ဂိုးကိုကလည်း လင်ဂတ်ရဲ့ အမှားကနေ ရရှိသွားခဲ့တာဖြစ်လို့ ပရိသတ်တွေ အတော်လေးကို ဒေါသဖြစ်စေခဲ့ရပါတယ်။ ဒါပေမယ့် ဆိုးလ်ရှားကတော့ သူရဲ့လူစားလဲမှုနဲ့ပတ်သက်ပြီး “ပွဲကစားချိန်က မိနစ်(၇၀)ထိ ရောက်နေရပါပြီ။ ဒီကစားသမား(၂)ယောက်လုံးက ပြီးခဲ့တဲ့ စနေနေ့က ပွဲစဉ်မှာရော အခုပွဲအတွင်းမှာပါ အတော်လေးကို ပြေးလွှားကစားထားရတယ်။ ကျွန်တော်တို့အနေနဲ့ လက်ကျန်မိနစ်တွေမှာ မာတစ်ရဲ့ ပွဲအတွေ့အကြုံတွေနဲ့ လင်ဂတ်ရဲ့ ကစားဟန်တွေကို လိုအပ်တာကြောင့်ပါ” လို့ ရှင်းလင်းသွားခဲ့ပါတယ်။ ဒါပေမယ့် လင်ဂတ်ရဲ့ တစ်ဖက်အသင်းသားအပေါ် သွင်းဂိုးရသွားစေလောက်တဲ့အထိ မှားယွင်းတဲ့ ပေးပို့မှုကြောင့် ယူနိုက်တက်တို့ တာထွက်မလှ ဖြစ်ခဲ့ရပြီး ဆုံးဖြတ်ချက် အမှားတွေ လုပ်ဆောင်ခဲ့တဲ့ ဆိုလ်းရှားမှာလည်း ဝေဖန်ခံနေရလျက် ရှိနေပါတယ်။