မန်ချက်စတာ ယူနိုက်တက် နည်းပြ ရူဘင် အမော်ရင်က မနေ့ညက အာဆင်နယ်အသင်းနဲ့ တစ်ဂိုးစီ သရေကျခဲ့တဲ့ ပွဲအပြီး အသင်းခေါင်းဆောင် ကွင်းလယ်ကစားသမား ဘရူနို ဖာနန်ဒက်စ်ကို ချီးကျူးခဲ့သလို သူတို့အသင်းမှာ ဘရူနိုလို နောက်ထပ် ကစားသမားတွေ လိုအပ်တယ်လို့ပါ ပြောကြားခဲ့ပါတယ်။
ပေါ်တူဂီ လက်ရွေးစင် ကစားသမား ဖာနန်ဒက်စ်က ဒီပွဲစဉ်မှာ ယူနိုက်တက်အတွက် အဖွင့်ဂိုးကို ဖရီးကစ်ကနေ တိုက်ရိုက် ကန်သွင်းယူခဲ့တာဖြစ်ပြီး ခြေစွမ်းကောင်းတွေလည်း ပြသနိုင်ခဲ့ပါတယ်။ အခုဆိုရင် ဖာနန်ဒက်စ်က ဒီရာသီထဲ ဂိုးပါဝင်ပတ်သက်မှုပေါင်း (၂၅)ကြိမ်ထိ လုပ်ဆောင်ထားနိုင်ခဲ့ပြီဖြစ်ပြီး ဒါဟာ (၃)ရာသီဆက်တိုက်အထိ စွမ်းဆောင်ထားနိုင်ခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Goal
ဒီလို စွမ်းဆောင်ရည်ကောင်းတွေ ပြသနေတဲ့ ဖာနန်ဒက်စ်ကို နည်းပြအမော်ရင်က ချီးကျူးစကားဆိုခဲ့ပြီး ဖာနန်ဒက်စ်ရဲ့ အဆင့်ကို ပုံမှန် ထပ်တူလုပ်နိုင်မယ့် ကစားသမားတွေ ပိုမို လိုအပ်နေတယ်လို့ ထောက်ပြပြောဆိုသွားခဲ့ပါတယ်။ “ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ဘရူနိုတွေကို ပိုပြီး လိုအပ်ပါတယ်။ သူ့မှာရှိတဲ့ စရိုက်၊အမြဲအသင့်ရှိနေမှု က အရမ်း အရေးကြီးတယ်။ ဘောလုံးနဲ့ရော ဘောလုံးမရှိတဲ့အခါမှာပါ သူက အရမ်းကို အဆုံးအဖြတ်ပေးနိုင်ပါတယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။
ဒါ့အပြင် ဖာနန်ဒက်စ်နဲ့ ပတ်သက်ပြီးတော့လည်း ယူနိုက်တက် ကစားသမားဟောင်းကြီး ရွိုင်ကိန်းက “ကပ္ပတိန် အံ့မခန်းပဲ။ သူ့ရဲ့ အရည်အသွေးကို ကျွန်တော် ဘယ်တော့မှ သံသယမဝင်ခဲ့ပါဘူး။ ဒါပေမဲ့ အသင်းအတွက် ပိုလုပ်နိုင်မယ်လို့ တွေးခဲ့တယ်။ ဘယ်လောက် ကောင်းတဲ့ ကန်ချက်လဲ။ အားအင် နည်းစနစ်တွေနဲ့ ကန်သွင်းခဲ့တာ။ သူ့ရဲ့ အရှိန်က ဂိုးသမားကို အံ့အားသင့်စေခဲ့တယ်လို့ ထင်တယ်။” လို့ ချီးမွမ်းသွားခဲ့ပါတယ်။
Photo Credit : Arsenal Insider
ယူနိုက်တက်က ဒီပွဲမှာ အနိုင်ရလုနီးပါးထိ ဖြစ်ခဲ့ပေမယ့် အာဆင်နယ် ဂိုးသမား ဒေးဗစ် ရာယာ လက်စွမ်းပြနိုင်ခဲ့သလို ဇာ့ခ်ဇီးနေရာ လူစားဝင်လာခဲ့တဲ့ တိုက်စစ်မှူး ရက်စ်မတ် ဟွိုင်လန်း အခွင့်အရေးကောင်းကို အသုံးမချနိုင်မှုတွေက ယူနိုက်တက်တို့ ဦးဆောင်ဂိုး ထပ်ရဖို့ လွဲချော်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီပွဲမှာ ဒဏ်ရာရသွားတဲ့ ယိုရို နေရာကို လူစားဝင်လာခဲ့တဲ့ ကစားသမားသစ်လေး ဟေးဗန်းကတော့ ခြေစွမ်းပြသခဲ့ပါတယ်။
အာဆင်နယ် လူငယ်ကစားသမားဟောင်းလေး အေဒင် ဟေးဗန်းဟာ ဆောင်းဈေးကွက်ကမှ အာဆင်နယ်ကနေ ယူနိုက်တက်ဆီ ရောက်လာခဲ့တာဖြစ်ပြီး သူ့အသင်းဟောင်းနဲ့ ရင်ဆိုင်တွေ့ဆုံရတဲ့ ပွဲစဉ်မှ ယူနိုက်တက်အတွက် ပရီးမီးယားလိဂ် ပွဲဦးထွက်အဖြစ် ကစားခဲ့ရသလို မထင်ထားလောက်အောင်ပါ ခြေစွမ်းပြနိုင်ခဲ့ပါတယ်။