မနေ့ညက ဟန်ဂေရီနိုင်ငံ ပွတ်ရှ်ကပ် ဘောလုံးကွင်းကြီးအတွင်းမှာ ကျင်းပခဲ့တဲ့ နယ်သာလန်အသင်းနဲ့ ချက်အသင်းတို့ရဲ့ ယူရို-၂၀၂ဝပြိုင်ပွဲ (၁၆)သင်းရှုံးထွက်အဆင့်ပွဲစဉ်အတွင်း နိုင်ပွဲရဖို့ ရာခိုင်နှုန်းများနေတဲ့ နယ်သာလန်အသင်းက ဒီပွဲကို ထိန်းချုပ်ကစားနိုင်ခဲ့ပေမယ့်လည်း ဒုတိယပိုင်းအစလောက်မှာပဲ အသင်းရဲ့ နောက်ခံကစားသမား ဒီလစ် တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံလိုက်ရပြီးနောက်မှာတော့ ကစားသမား(၁၀)ဦးတည်းနဲ့ ရုန်းကန်ခဲ့ရပြီး ပြိုင်ဘက်ချက်အသင်းကိုပါ အရေးနိမ့်ခဲ့ရင်းနဲ့ ပြိုင်ပွဲကနေ ထွက်ခွာလိုက်ရပါတယ်။

Photo Credit : Goal

နယ်သာလန်အသင်းဟာ အုပ်စု C မှာ သြစတြီးယား ယူကရိန်းနဲ့ မက်ဆီဒိုးနီးယားအသင်းတွေကို အနိုင်ယူခဲ့ပြီး ရှုံးထွက်အဆင့်ဆီကို တတ်လှမ်းခဲ့ပေမယ့် (၁၆)သင်းရှုံးထွက်အဆင့်မှာတော့ ပြိုင်ဘက်ချက်အသင်းကို (၂)ဂိုးပြတ်နဲ့ အရေးနိမ့်လိုက်ရတာကြောင့် ပြိုင်ပွဲကနေ ခပ်စောစောပဲ ထွက်ခွာသွားခဲ့ရပါတယ်။ ဒီရှုံးပွဲမှာ အဓိကကျသွားခဲ့တဲ့ ဖြစ်ရပ်များကတော့ နယ်သာလန်တိုက်စစ်ကစားသမား မာလန်းရဲ့ ဂိုးသမားနဲ့ တစ်ဦးချင်းအတွေ့မှာ ဂိုးမသွင်းနိုင်ခဲ့ခြင်းနဲ့ ဒီလို ဂိုးမဝင်ခဲ့ခြင်းပြီးနောက် မရှေးမနှောင်းလေးမှာပဲ ဖြစ်ခဲ့ရတဲ့ ဒီလစ်ရဲ့ တိုက်ရိုက်အနီကတ်ပြ ထုတ်ပယ်ခံခဲ့ရမှုတွေက ရှုံးပွဲအတွက် အဓိကအကြောင်းအရာတွေ ဖြစ်သွားခဲ့ရပါတယ်။

Photo Credit : Twitter

ပွဲကစားချိန် (၅၅)မိနစ်မှာ ဘောလုံးကို လက်နဲ့ထိမိခဲ့ရင်း ထုတ်ပယ်ခံခဲ့ရတဲ့ ဒီလစ်က “ကျွန်တော်ရဲ့ အပြုအမှုဆိုး အမှားတစ်ခုကနေ ကျွန်တော်တို့အသင်းက ရှုံးပွဲတွေ့ခဲ့ရတာဖြစ်လို့ ဒါက ကျွန်တော့်အတွက် တကယ့်ကို စိတ်ကသိကအောက် ဖြစ်စေရတယ်။ ဒါက အရမ်းကို ဆိုးလွန်းပါတယ်။ ကျွန်တော်တို့ ပွဲကို ထိန်းချုပ်လို့ ထားနေတဲ့အချိန် ဘောလုံးထွက်လာခဲ့တယ် အဲ့ဒါကို သေသေချာချာ ထိန်းလိုက်ဖို့ ပျက်ကွက်မိတယ်။ နောက်မှ လိုက်ဆည်ယူဖို့ ကြိုးစားတော့ အခြေအနေ သိပ်မဟန်တော့ပဲ ပြိုင်ဘက်ကစားသမားရဲ့ တွန်းအားနဲ့ လဲကျမလိုဖြစ်ရင်းကနေ ဘောလုံးကိုပါ လက်နဲ့ထိမိသွားခဲ့တယ်။ ဒါက ပွဲရလဒ်ကိုပါ အပြောင်းအလဲ ဖြစ်စေရတဲ့ အနေအထားထိ ဖြစ်သွားခဲ့တယ်။ ကျွန်တော်အသင်းက နောက်ဆုံးမိနစ်အထိကို ရုန်းကန်သွားခဲ့ရတယ်။ ကျွန်တော့်ကိုယ်ကျွန်တော် တကယ်ကို အပြစ်တင်မိတယ်။ အသင်း(၂)သင်းရဲ့ကြားမှာ ဆတူအခွင့်အရေး ရှိနေရာကနေ အနီကတ်ကြောင့် ခြားနားမှုတွေ ဖြစ်သွားခဲ့ရတယ်။ အုပ်စုအဆင့်မှာ အသင်းက ရလဒ်တွေ ကောင်းထားခဲ့ပြီးမှ ရှုံးထွက်ကနေ ဒီလိုပုံစံမျိုးနဲ့ ထွက်ခွာသွားခဲ့ရတာက အတော်လေးကို နာကျင်ဖို့ကောင်းပါတယ်။ ဒါက လုံးဝမမှားသင့်တဲ့ အမှားတစ်ခု ဖြစ်သွားခဲ့ရပါတယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။