ဘာစီလိုနာ တိုက်စစ်မှူး၊ လက်ရှိ လက်ရွေးစင် တာဝန်ထမ်းဆောင်နေရတဲ့ ဂရစ်စမန်းက ကလပ်အသင်းဖော် တိုက်စစ်မှူး မက်ဆီကို ဘာစီလိုနာအသင်းမှာ ဆက်နေဖို့အတွက် မျှော်လင့်တယ်လို့ ပြောခဲ့ပြီး လက်ရှိ လက်ရွေးစင်ပွဲစဉ်အတွက် အာရုံစိုက်နေတယ်လို့လည်း ပြောပြခဲ့ပါတယ်။ ဘာစီလိုနာ တိုက်စစ်မှူး မက်ဆီဟာ ပြီးခဲ့တဲ့ အပတ်မှာ ဘာစီလိုနာအသင်းကို စာပို့ပြီး အသင်းကနေ အလွတ်နဲ့ ချက်ချင်း ထွက်သွားချင်တယ်လို့ ပြောခဲ့ပေမယ့်လည်း လက်ရှိအချိန်မှာတော့ အသင်းမှာ နောက်ထပ် (၁) နှစ် ဆက်ကစားနိုင်ချေ ရှိတယ်လို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit: Goal

မက်ဆီဟာ သူ့ရဲ့ အေးဂျင့် ဖြစ်သူ ဖခင် ဂျော့ချ်မက်ဆီ နဲ့ ဘာစီလိုနာအသင်းရဲ့ ဥက္ကဌ ဘာတိုမြူတို့ ယခုအပတ်မှာ တွေ့ဆုံပြီးနောက် ဘာစီလိုနာအသင်းမှာ (၁) နှစ်ကြာ ဆက်နေဖို့ စဉ်းစားနေတယ်လို့ သတင်းတွေ ထွက်လာပြီး အရင်ကတော့ မန်စီးတီးကို ပြောင်းနိုင်တယ်လို့ သတင်း ထွက်ခဲ့ပါတယ်။ မက်ဆီရဲ့ ကလပ်အသင်းဖော် တိုက်စစ်မှူး ဂရစ်စမန်းဟာ ပေါ်တူဂီအသင်း၊ ခရိုအေးရှားအသင်းတို့နဲ့ ယူအီအက်ဖ်အေ နေရှင်လိဂ် ပွဲစဉ် ကစားဖု့ိ ပြင်သစ်အသင်းနဲ့ အတူ ရှိနေပြီး မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာပဲ ဆက်နေဖို့ မျှော်လင့်ပါတယ်လို့ ပြောခဲ့တာ ဖြစ်ပါတယ်။

Photo Credit: Goal

ဂရစ်စမန်းက “ကျွန်တော်တို့ ဒီကိစ္စနဲ့ ပက်သက်ပြီး နောက်ဆုံးသတင်းတွေ သိရဖို့ ကြိုးစားနေတယ်။ ဒါပေမယ့် ဒီကိစ္စက မက်ဆီ နဲ့ အသင်းကြားမှာ ဖြစ်တဲ့ ကိစ္စပါ။ ကျွန်တော်တို့ကတော့ မက်ဆီအနေနဲ့ ဘာစီလိုနာအသင်းမှာ ဆက်နေဖို့ပဲ မျှော်လင့်ကြပါတယ်။ ကျွန်တော် လက်ရွေးစင်အသင်းအတွက် အာရုံစိုက်ဖို့ ကြိုးစားနေပြီး လာမယ့် ပွဲစဉ် (၂) ပွဲတွက် အကောင်းဆုံး ဖြစ်ဖို့ ပြင်ဆင်နေပါတယ်။ ကျွန်တော်တို့ အများကြီးထဲကမှ အနည်းငယ်ကို ကြားရပါတယ်။ ဒါပေမယ့် ကျွန်တော်တို့အားလုံးက ကိစ္စကို အားလုံးမသိကြပါဘူး”လို့ M6 သတင်းကို ပြောသွားခဲ့ပါတယ်။