ဘာစီလိုနာအသင်းရဲ့ ဝါရင့်နောက်ခံကစားသမားကြီး ဂျရတ်ပီကေးက သူတို့အသင်းရဲ့ လာလီဂါချန်ပီယံဆု မျှော်လင့်ချက်တွေ ဆက်လက်ရှင်သန်နေဖို့အတွက် လာမယ့်တစ်ပတ်မှာ ထိပ်တိုက်ရင်ဆိုင်ရတော့မယ့် အမှတ်ပေးဇယားထိပ်က အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ပွဲစဉ်ကို မဖြစ်မနေ အနိုင်ကစားဖို့ လိုအပ်နေပြီး တခြားရလဒ်တွေ ရလို့မဖြစ်ဘူးလို့ အသင်းဖော်တွေကို သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Getty Images

ဘာစီလိုနာအသင်းဟာ မနေ့ညက ဗလင်စီယာအသင်းနဲ့ လာလီဂါပွဲစဉ်(၃၄)အဖြစ် ရင်ဆိုင်ကစားခဲ့ရပြီး နောက်ကနေလိုက်ကစားရင်း (၂)ဂိုး(၃)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။ ဒီနိုင်ပွဲကြောင့် ဘာစီလိုနာဟာ လာလီဂါအမှတ်ပေးဇယားရဲ့ အဆင့်(၃)နေရာမှာ ဆက်လက်ရပ်တည်နေပြီး ထိပ်ဆုံးက အသက်လက်တီကိုအသင်းကိုလည်း ရမှတ်(၂)မှတ်အကွာနဲ့ ဆက်လက်ဖိအားပေးထားနိုင်ပါတယ်။ လာမယ့် မေ(၈)ရက်နေ့မှာတော့ ဘာစီလိုနာဟာ သူတို့ရဲ့နူးကမ့်ကွင်းမှာ အသက်လက်တီကိုအသင်းကို ဧည့်ခံကစားရမှာဖြစ်ပြီး ရီးယဲလ်မက်ဒရစ်ကလည်း ဆီဗီလာနဲ့ ဆုံတွေ့နေမှာဖြစ်လို့ လာမယ့်တစ်ပတ်ဟာ အသင်း(၄)သင်းလုံးအတွက် အမှားခံလို့မဖြစ်တဲ့ အခိုက်အတန့် ဖြစ်နေပါတယ်။

Photo Credit : Goal

အသက်လက်တီကိုပွဲနဲ့ပတ်သက်ပြီး ဘာစီလိုနာနောက်ခံလူ ပီကေးက “ကျွန်တော်တို့တွေ မမျှော်လင့်ပဲ ဂရန်နာဒါကို ရှုံးနိမ့်ခဲ့ပြီးနောက်မှာ နိုင်ပွဲတစ်ပွဲကို ပြန်လည်ရယူနိုင်ခဲ့တာမို့ အဆုံးထိ ဆက်လက်တိုက်ပွဲဝင်နိုင်တော့မှာပါ။ ချန်ပီယံဆုအတွက် တိုက်ပွဲအတွင်းမှာ ကျွန်တော်တို့ ဆက်လက်ရှိနေပါသေးတယ်။ ဒါက အသင်းရဲ့ ရည်မှန်းချက်ပါပဲ။ ကြာသပတေးနေ့က ရှံးပွဲဟာ ကျွန်တော်တို့အသင်းအတွက် အတော်လေးကို ထိခိုက်နစ်နာစေခဲ့ရပေမယ့် ဗီလာရီးယဲလ်နဲ့ ဗလင်စီယာအသင်းတွေကို အနိုင်ယူခဲ့တာကတော့ ကျွန်တော်တို့အတွက် ယုံကြည်မှုတွေ ပြန်လည်နိုးထလာစေခဲ့တယ်။ အသက်လက်တီကိုမက်ဒရစ်နဲ့ ပွဲစဉ်အတွက်ကိုလည်း ကျွန်တော်တို့ ပြင်ဆင်သွားမှာပါ။ ဒီပွဲမှာတော့ အနိုင်ရလဒ်တစ်ခုတည်းကိုပဲ ဖော်ဆောင်နိုင်ဖို့ ကြိုးပမ်းသွားမှာပါ။ အခွင့်အရေးက ကျွန်တော်တို့ လက်ထဲကို ရောက်ရှိနေပါတယ်။ ဒီပွဲက နိုင်ကိုနိုင်ရမှ ဖြစ်မှာပါ။ တခြားရလဒ်တွေ အဖြစ်ခံလို့ မရပါဘူး” လို့ ပြောဆိုသွားခဲ့ပါတယ်။ လက်ရှိ လာလီဂါအမှတ်ပေးဇယားမှာ အသက်လက်တီကိုက ရမှတ်(၇၆)မှတ်နဲ့ ပထမနေရာ ရီးယဲလ်က (၇၄)မှတ် ဘာစီလိုနာက (၇၄)မှတ်တွေနဲ့ ဒုတိယနဲ့ တတိယနေရာ ဆီဗီလာက တစ်ပွဲလျော့နဲ့ ရမှတ်(၇၀)နဲ့ စတုတ္ထနေရာမှာ အသီးသီးရပ်တည်နေကြတာဖြစ်ပါတယ်။