မန်စီးတီးအသင်းရဲ့နည်းပြ ပတ်ဂွာဒီယိုလာက လာမယ့်တနင်္ဂနွေနေ့ညမှာ ယှဉ်ပြိုင်ကစားသွားရမယ့် လက်စတာစီးတီးအသင်းနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃) ပွဲကျပ်ပွဲစဉ်အတွင်းမှာ သူတို့ဘက်ကနေ ကြံခိုင်မှုပြည့်ဝနေတဲ့ စီနီယာကစားသမားဟာဆိုရင် အရေအတွက်အားဖြင့် (၁၃)ယောက်သာ ရှိနေတဲ့အတွက် လူအင်အား အပြည့်အဝရှိနေဖို့အတွက် မန်စီးတီးအကယ်ဒမီက လူငယ်ကစားသမားလေးတွေကို ခေါ်ဆောင်လာရတော့မှာဖြစ်တယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်းမှာ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester Evening News

လက်ရှိ မန်စီးတီးအသင်းမှာ ဒဏ်ရာရကစားသမားတွေနဲ့ ဗိုင်းရပ်စ်ကူးစက်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ ကစားသမားအရေအတွက်တွေက များပြားနေတာကြောင့် မနေ့ညက ဘုန်းမောက်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်မှာ လူငယ်ကစားသမားလေးတွေ အများကြီးကို သုံးစွဲလာခဲ့ရတာဖြစ်ပြီး အသက်(၁၇)နှစ်သာရှိသေးတဲ့ လူငယ်တိုက်စစ်မှူးလေး လီယန်ဒီလက်ဟာ အတော်လေးကို ခြေစွမ်းပြသခဲ့ပါတယ်။ လတ်တလောမှာ အဓိကတိုက်စစ်ကစားသမား အဂွဲရိုးလည်း ဒဏ်ရာကြောင့် မကစားနိုင်သေးတဲ့ လက်စတာနဲ့ပွဲစဉ်မှာပါ ဒီလက်ကို မန်စီးတီးဘက်ကနေ အသုံးပြုလာနိုင်ပါတယ်။

Photo Credit : Goal

အသင်းရဲ့ လူအင်အားနဲ့ပတ်သက်ပြီး နည်းပြဂွာဒီယိုလာက “အခြေအနေတွေကတော့ အခုမြင်နေရတဲ့အတိုင်းပါပဲ။ ကျွန်တော်တို့ဆီမှာ ကြံခိုင်မှုပြည့်ဝနေတဲ့ စီနီယာကစားသမား အရေအတွက်က (၁၃)ယောက်ပဲ ရှိလို့နေတယ်။ ဆိုတော့ ကျွန်တော်တို့ အကယ်ဒမီက လူငယ်ကစားသမားတွေကို လိုအပ်နေတယ်။ ဒါက လေ့ကျင့်ခန်းအစီအစဉ်အတွက်ပဲ မဟုတ်ပါဘူး။ သူတို့တွေက စီနီယာအသင်းရဲ့ ပွဲစဉ်တွေမှာပါ ရွေးချယ်ရခံနိုင်ပါတယ်။ လီယန်လည်း စီနီယာအသင်းနဲ့ပဲ ဆက်ရှိနေဦးမှာပါ။ သူ့ကို ကျွန်တော်တို့ အသုံးပြုဖို့ လိုအပ်မလားဆိုတာ စောင့်ကြည့်ရမယ်။ ဒါပေမယ့် မေ့ထားလို့မရတာက ဖိုဒန်အကြောင်းကို ယခင်ဘောလုံးရာသီတွေက ကျွန်တော်တို့ ပြောခဲ့ဖူးသလိုပေါ့။ လီယန်က အခုမှ အသက်(၁၇)နှစ်ပဲ ရှိနေသေးတာ။ သူရဲ့ခြေစမ်းတွေ တိုးတတ်ကောင်းမွန်လာဖို့ လိုပါသေးတယ်” လို့ ရှင်းလင်းပြောဆိုလာခဲ့ပါတယ်။ လက်ရှိမှာ မန်စီးတီးအသင်းဟာ အဂွဲရိုး လာပေါ့တ် ဂန်ဒိုဂန် ဘာနာဒိုဆေးဗား ကန်ဆယ်လို ဇင်ချန်ကို အော်တာမန်ဒီ အစရှိတဲ့ ကစားသမားတွေအားလုံးကို ဒဏ်ရာပြသာနာတွေကြောင့် လူစာရင်းကနေ အနာပေးထားခဲ့ရတာကြောင့် လက်စတာနဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်မှာ လူငယ်ကစားသမားလေးတွေကို အသုံးပြုလာရဖွယ် ရှိနေပါတယ်။