MySport Myanmar

ကျွန်တော်တို့က ရီးယဲလ်မက်ဒရစ်ထက်ကို ပိုကောင်းတယ်လို့ ဇာဗီ အခိုင်အမာ ပြောဆို

အမေရိကန်နိုင်ငံ နီဗားဒါးပြည်နယ်ရှိ Allegiant Stadium ကွင်းကြီးမှာ ကျင်းပခဲ့တဲ့ ရာသီကြို ခြေစမ်းပွဲစဉ်အတွင်း ဘာစီလိုနာက ရီးယဲလ်အသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ယူခဲ့ပြီးနောက် ဘာစီလိုနာအသင်းနည်းပြ ဇာဗီဟာနန်ဒက်ဇ်က လက်ရှိ အခြေအနေမှ သူတို့ရဲ့ ဘာစီလိုနာအသင်းဟာ ခါးသီးပြိုင်ဘက်အသင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်အသင်းထက်ကို ပိုမို ကောင်းမွန်တယ်လို့ အခိုင်အမာ ပြောကြားသွားခဲ့ပါတယ်။

Photo Credit : CBS Sports

နွေရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ ကြီးကြီးမားမား လုပ်ဆောင်ထားပြီး လီဝန်ဒေါစကီးလို ထိပ်တန်း world-class ကစားသမားတစ်ဦးကိုပါ ခေါ်ယူထားနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းဟာ လက်ရှိမှာ ရာသီကြို ခြေစမ်းပွဲ (၃)ပွဲထိကို ကစားထားခဲ့ပြီး ပထမဆုံး ပွဲဖြစ်တဲ့ UE အိုလော့နဲ့ ပွဲမှာ တစ်ဂိုးစီ သရေကျခဲ့ရပေမယ့် အမေရိကန် ခရီးစဉ်တွေမှာတော့ အင်တာမိုင်ယာမီအသင်းကို (၆)ဂိုးပြတ်နဲ့ အပြတ်အသတ် အနိုင်ယူခဲ့သလို မနေ့က ကစားသွားခဲ့တဲ့ အက်ကလက်စီကိုဒါဘီ ခြေစမ်းပွဲမှာလည်း ကစားသမားသစ် ရာဖင်ညာရဲ့ တစ်လုံးတည်းသောဂိုးနဲ့ နိုင်ပွဲရရှိထားခဲ့ပါတယ်။

Photo Credit : FC Barcelona

ခါးသီးပြိုင်ဘက် ရီးယဲလ်ကို အနိုင်ယူခဲ့ပြီးနောက် ဘာစီလိုနာနည်းပြ ဇာဗီက “ဝမ်းသာပါတယ်။ ကျွန်တော်တို့မှာ ကောင်းမွန်တဲ့ ခံစားချက်တွေ ရှိနေပါတယ်။ အရေးအကြီးဆုံးက အနိုင်ရဖို့ပါပဲ။ ဒါပေမယ့် ရီးယဲလ်မက်ဒရစ်အသင်းကို အနိုင်ယူရတာတော့ ပိုနှစ်သက်ပါတယ်။ ဒီပွဲမှာ ပထမပိုင်းက အရမ်းကောင်းပေမယ့် ဒုတိယပိုင်းတော့ သိပ်မကောင်းပါဘူး။ အသင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်တာကို ကျွန်တော် မြင်တွေ့မိပါတယ်။ ကောင်းမွန်နေတဲ့ ဘာစီလိုနာအသင်းကို ကျွန်တော် မြင်တွေ့ခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်တို့တွေ ပိုပြီးတော့ကို ပျော်ဝင်နိုင်ရပါမယ်။ ကျွန်တောတို့ ရီးယဲလ်ထက်ကို ပိုကောင်းခဲ့ပါတယ်။ ပွဲရလဒ်ထက်ကို ကျွန်တော် ပိုကျေနပ်မိပါတယ်။ ကျွန်တော်တို့တွေ ကတ်တလန်သားတွေကြားကြီးမားတဲ့ မျှော်လင့်ချက်တစ်ခုကို ဖန်တီးပေးနေပါတယ်။ ဒါက ကျွန်တော်တို့အတွက် အရေးကြီးတဲ့ နိုင်ပွဲပါပဲ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒါ့အပြင် ကစားသမားသစ် လီဝန်ဒေါစကီးနဲ့ ပတ်သက်ပြီးတော့လည်း ဇာဗီက “ရောဘတ်က world-class အဆင့်မီပါတယ်။ သူ့ကစားသမားဘဝ တစ်လျှောက်လုံး ဂိုးတွေ သွင်းယူလာခဲ့ပြီး အခုလည်း ထပ်သွင်းယူပါလိမ့်မယ်။ အသင်းနဲ့လည်း လျင်လျင်မြန်မြန် အထိုင်ကျခဲ့တယ်။ သူက ကျွန်တော်တို့တွေကို ပိုကောင်းလာအောင် လုပ်ဆောင်ပေးပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့ပါတယ်။

Exit mobile version